အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ၂၀၂၀ ခုနှစ် အတွက် ပေးအပ်တဲ့ ရွှေခြေထောက်ဆုကို ဘောလုံး လောကရဲ့ နာမည်ကြီး ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး မက်ဆီ ၊ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ် ၊ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ကြောင်း သိရှိ ရပါတယ်။ ၂၀၀၃ခုနှစ် ကနေ စတင် ပေးအပ်ချီးမြှင့်တဲ့ ရွှေဖိနပ်ဆုဟာ ဘောလုံးလောကမှာ ရှိတဲ့ ထိတ်ထိတ်ကြဲ ကစားသမားတွေထဲကမှ အကျော်ကြားဆုံးနဲ့ အရှိန်အဝါ အကြီးမားဆုံး ကစားသမားတွေကို ပေးအပ်တဲ့ ဆုတစ်ခု ဖြစ်ပြီး ကစားသမား တစ်ဦးကို တစ်ကြိမ်သာ ပေးအပ်တာကြောင့် ရရှိဖို့ မလွယ်ကူတဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit:  Mercato

ဂျူဗင်တပ် အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကလပ်အသင်း အတွက်ရော နိုင်ငံအသင်း အတွက်ပါ အရေးပါတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ပုံစံကို ထိန်းသိမ်း ထားနိုင်ဆဲ ဖြစ်တာကြောင့် ယခုလို ရွှေခြေထောက်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ ရွှေခြေထောက်ဆုကို ရရှိဖို့ အတွက် နာမည်ကြီးခဲ့တဲ့ ကစားသမားဟာ မက်ဆီ ဖြစ်ပေမယ့် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့မှု ၊ လက်ရှိ ဘောလုံးရာသီမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ အနည်းငယ် ရုန်းကန် နေရတာကြောင့် အခုလို ရွှေခြေထောက်ဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit:  Mercato

ဒါပေမယ့် မက်ဆီဟာ လာမယ့် ၂၀၂၁ ခုနှစ် အတွက် ပေးအပ်ချီးမြှင့်မယ့် ရွှေခြေထောက်ဆုကို ရရှိမယ့် ကစားသမား ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ် ပြောဆို ထားကြပါတယ်။ ရိုနယ်ဒို ကတော့ ရွှေခြေထောက်ဆုကို ဆွတ်ခူး ရယူနိုင်ခဲ့တဲ့ ၁၈ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး သူ့ရဲ့ အရှေ့မှာ ရွှေခြေထောက်ဆုကို ရရှိခဲ့တဲ့ ကစားသမားတွေ ကတော့ ဘက်ဂီယို ၊ နက်ဗက် ၊ ရှက်ဗ်ချင်ကို ၊ ရော်နယ်ဒို ၊ ဒယ်ပီယာရို ၊ ရော်ဘတ်တို ကားလို့စ် ၊ ရော်နယ်ဒင်ဟို ၊ တော့တီ ၊ ရိုင်ယန်ဂစ် ၊ အီဘရာဟီမိုဗစ် ၊ ဒရော့ဘာ ၊ အင်နီယေစတာ ၊ အီတူး ၊ ဘူဖွန် ၊ ကာဆီးလက်စ် ၊ ကာဗာနီ ၊ မိုဒရစ်တို့ပဲ ဖြစ်ပါတယ်။