ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ဟက်ထရစ် သွင်းယူပေးရင်း အဖိုးတန် နိုင်ပွဲတပွဲကို ရှာဖွေပေးခဲ့ပြီးနောက် သူတို့အသင်းက နောက်ဆုံးအချိန် အထိ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အဖြစ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးအဆင့်က နောဝှစ်ချ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ရိုနယ်ဒိုရဲ့ ဟက်ထရစ်နဲ့အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Independent

အဆိုပါနိုင်ပွဲကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ပွဲစဉ်(၃၂) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာ အထိ ပြန်လည် တက်လှမ်းနိုင်ခဲ့သလို အဆင့်၄နေရာက စပါးနဲ့ ရမှတ် ၃မှတ်သာ ကွာဟတာကြောင့် လက်ကျန် ပွဲစဉ်တွေမှာသာ လိုချင်နေတဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်တဲ့ အနေအထား တရပ်ကို ပိုင်ဆိုင်နေပါသေးတယ်။

နောဝှစ်ချ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် အရေးပါခဲ့တဲ့ ကစားသမားက အသက် ၃၆နှစ် အရွယ် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ခဲ့ပြီး ရိုနယ်ဒိုကတော့ နောဝှစ်ချ်ကို ခက်ခက်ခဲခဲ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ် လို့ ဆိုသွားခဲ့ပါတယ်။

 

Photo Credit: Independent

ရိုနယ်ဒိုက – “နိုင်ပွဲအတွက် အရမ်းကို ပျော်ရွှင်မိသလို ကျွန်တော်တို့တွေ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပြန်ရောက်လာခဲ့ပါပြီ။ တဦးချင်း စံချိန်တွေ ဆိုတာ အသင်းကို ကူညီနိုင်မှပဲ အသုံးဝင်တဲ့ အရာတွေပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝ အကြိမ် ၆၀မြောက် ဟက်ထရစ်က အသင်းကို ရမှတ် ၃မှတ် ယူဆောင်ပေးနိုင်ခဲ့လို့ အရေးပါတဲ့ ဟက်ထရစ် ဖြစ်ခဲ့ပါတယ်။ အသင်းဖော်တွေကလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ နိုင်ပွဲ ရဖို့ အစွမ်းကုန် ကြိုးစား ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့တွေ အရှုံးမပေးပါဘူး။ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။