ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ရိုနယ်ဒိုနဲ့ ဖာနန်ဒက်တို့က ပေါ်တူဂီ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဗဟိုနောက်ခံလူ အန်တိုနီယို ဆေးလ်ဗားကို ခေါ်ယူဖို့ ယူနိုက်တက်အား တိုက်တွန်း အကြံပေးထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ တွန် ဟော်ကင်ဆန်က ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ မာတီနက်ဇ် ၊ ဗာရိန်း ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ရောင်းချကာ ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လူငယ် ဗဟိုခံစစ်မှူး အန်တိုနီယို ဆေးလ်ဗားက ယခုနှစ် ဘောလုံးရာသီမှာ အတော်လေး ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်သလို အဝါကတ်ကလည်း ၂ကြိမ်သာ ထိထားပါတယ်။

အန်တိုနီယို ဆေးလ်ဗားက အရပ်အမောင်း မြင့်မားတဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်သလို ဘောလုံးပေးပို့မှုလည်း ကောင်းမွန်တာကြောင့် မန်ချက်စတာ စီးတီးရဲ့ ဗဟိုခံစစ်မှူး ရူဘင် ဒီယက်ဇ် လက်သစ်လို့ တင်စားခံနေရပြီး မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ အသင်းကြီး အများစုက သူ့ရဲ့ ခြေစွမ်းကို စောင့်ကြည့်မှုတွေ ပြုလုပ်လာကြပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ပေါ်တူဂီ ကြယ်ပွင့်တွေ ဖြစ်တဲ့ ရိုနယ်ဒိုနဲ့ ဖာနန်ဒက်တို့က ဘင်ဖီကာမှာ တောက်ပနေသလို ပေါ်တူဂီနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ လိုက်ပါခွင့် ရထားတဲ့ တက်သစ်စ ပေါ်တူဂီ လူငယ် ဗဟိုခံစစ်မှူး အန်တိုနီယို ဆေးလ်ဗားကို စောင့်ကြည့်ကာ ခေါ်ယူဖို့ တန်ဟက်ဂ်နဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေဆီ တိုက်တွန်း အကြံပေးထားကြတာပါ။

ဟော်ကင်ဆန်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေကလည်း ဆေးလ်ဗားရဲ့ ခြေစွမ်းကို သဘောကျနေကြပြီး ရိုနယ်ဒိုနဲ့ ဖာနန်ဒက်တို့ရဲ့ ထောက်ခံမှုပါ ရထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ဆေးလ်ဗားကို မကြာခင်မှာပဲ ကမ်းလှမ်းလာဖွယ် ရှိကြောင်း သိရပါတယ်။