ခရစ္စတီယာနို ရိုနယ်ဒို (သို့) စီရိုနယ်ဒိုလို့ ဆိုလိုက်တာနဲ့ ယနေ့ခေတ် ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံး ကစားသမားနှစ်ဦးထဲက တစ်ဦး ဖြစ်တယ် ဆိုတာကို အားလုံးလည်း သိရှိကြမှာပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ် တိုင်တိုင် ရရှိခဲ့ဖူးတဲ့ စီရိုနယ်ဒိုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြင်းထန်သူ တစ်ဦး ဖြစ်ပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ အမြဲတမ်း ပြောဆိုလေ့ရှိကာ သူ့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး ခြေစွမ်းတွေကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်ဖို့ အစားအသောက် ၊ အနေအထိုင်က အစ အရာအားလုံးကို အသေးစိတ် သတိထားပြီး ပြင်ဆင်နေလေ့ ရှိပါတယ်။ သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားအဖြစ် ယုံကြည်ထားတဲ့ စီရိုနယ်ဒိုမှာ သူ့ထက် ပိုကောင်းတယ် လို့ ယုံကြည်ထားတဲ့ ကစားသမားတစ်ဦး ရှိခဲ့ဖူးပါတယ်။ အဆိုပါ ကစားသမားကတော့ စပို့တင်းအသင်းမှာ ရိုနယ်ဒိုနဲ့ တွေ့ဆုံခဲ့ဖူးတဲ့ ပါရင် ဆိုတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible

ဖေဘီယို ပါရင် ဆိုတဲ့ ကစားသမားရဲ့ နာမည်ကို ပရိသတ်တွေ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် ပါရင် ဆိုတဲ့ နာမည်ဟာ ၂၀၀၅ ခုနှစ် ဝန်းကျင်မှာတော့ ဥရောပ ထိပ်သီးအသင်းတွေ အားလုံးရဲ့ ပါးစပ်ဖျားမှာ ရှိနေခဲ့တဲ့ နာမည် တစ်ခု ဖြစ်ပြီး တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ အဆင့်တစ်ခုကို ရောက်လာမယ့် လူငယ် ကစားသမား လို့ အားလုံးက ထင်ကြေးပေးခဲ့ကြပါတယ်။ ပါရင် တစ်ယောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိမယ်လို့ ထင်ခဲ့ဖူးသူတွေထဲမှာ စီရိုနယ်ဒိုလည်း ပါဝင်ခဲ့ဖူးသလို ပါရင်ဟာ သူ့ထက် ပိုပြီး ကောင်းမွန်တဲ့ ကစားသမား ဖြစ်တယ်လို့လည်း ယုံကြည်ခဲ့ဖူးပါတယ်။

Photo Credit: Sports Bible

ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေရဲ့ မှတ်တမ်းတွေ အရ စီရိုနယ်ဒိုဟာ စပို့တင်းအသင်း ကနေ မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ၂၀၀၃ခုနှစ်မှာ ပါရင်ရဲ့ အကြောင်းကို ပြောဆိုခဲ့ဖူးပြီး ပါရင်ဟာ သူ့ထက် ပိုကောင်းတဲ့သူ လို့ ရည်ညွှန်းခဲ့ကြောင်း သိရပါတယ်။ ပါရင်နဲ့ ပတ်သတ်ပြီး စီရိုနယ်ဒိုက ” တကယ်လို့ ခင်ဗျားက ကျွန်တော်ဟာ တော်တယ် လို့ ထင်နေမယ် ဆိုရင် ပါရင်ကို တွေ့ပြီးမှ အဲ့ဒီစကားကို ပြောပါ ” ဆိုပြီး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ စီရိုနယ်ဒို ကိုယ်တိုင်က သူ့ထက် ပိုကောင်းတယ် လို့ ပါရင် ကို ယုံကြည်ခဲ့ပေမယ့် ပါရင် ကတော့ လူအများ ထင်ထားသလို ဖြစ်မလာခဲ့ပဲ လူမသိ သူမသိ ကစားသမား တစ်ဦးအနေနဲ့သာ သူ့ရဲ့ဘဝကို ဖြတ်သန်း သွားခဲ့ရပါတယ်။

Photo Credit: Sports Bible

လက်ရှိအချိန်မှာ အသက်၃၂နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ပါရင်ဟာ စီရိုနယ်ဒိုထက် ၃နှစ်ကျော် ပိုမို ငယ်ရွယ်သူ ဖြစ်ပြီး စီရိုနယ်ဒိုလိုပဲ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားပဲ ဖြစ်ပါတယ်။ ပါရင်ဟာ အသက် ၁၆နှစ် အရွယ်မှာကတည်းက ဥရောပ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် Pro ကစားသမားဘဝကို စတင်ချိန်မှာတော့ ထင်ထားသလို အောင်မြင်မှု မရခဲ့ပဲ အသင်းပေါင်းများစွာမှာ လှည့်လည် ကစားခဲ့ရသလို စပို့တင်းအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့မှာ ပွဲအနည်းငယ် ကစားခဲ့ရတာဟာ သူ့ရဲ့ ကစားသမားဘဝ အတွက် အကြီးမားဆုံး အောင်မြင်မှုတွေ ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ပါရင်ဟာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ စဉ်းစားနေပြီး သူဟာ ငယ်စဉ်တုန်းက စီရိုနယ်ဒိုထက် ပိုကောင်းခဲ့ပေမယ့် အခုချိန်မှာ စီရိုနယ်ဒိုရဲ့ ဘဝနဲ့ သူ့ရဲ့ ဘဝဟာ အရမ်းကို ကွာခြားနေပြီ လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးပါတယ်။