ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးဂန္တဝင် တိုက်စစ်ကစားသမားဟောင်းကြီး နာဇာရီယိုရော်နယ်ဒိုကတော့ သူရဲ့အသင်းဟောင်းရီးရဲလ်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ခေါ်ယူရာမှာ ဘရာဇီးတိုက်စစ်ကစားသမား နေမာကို ခေါ်ယူတာထက် သူ့ထက် အသက်ပိုငယ်ပြီး ရေရှည်လည်း ပိုအသုံးဝင်နိုင်မယ့် ပြင်သစ်လူငယ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေကိုပဲ ဦးစားပေးခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ဘာပေ နေမာ လူကာကူ ဟယ်ရီကိန်းတို့လို ထိပ်တန်းကစားသမားတွေကို ပစ်မှတ်ထားနေတာဖြစ်ပြီး အသင်းသားဟောင်းကြီး ရော်နယ်ဒိုကတော့ သူနဲ့တစ်နိုင်ငံတည်းသားနေမာထက် ဘာပေကိုပဲ ခေါ်ယူသင့်တယ်လို့ ရီးရဲလ်အသင်းကို အကြံပြုသွားခဲ့ပါတယ်။ ရော်နယ်ဒိုက “အခုလက်ရှိအချိန်မှာ ဘယ်သူက ပိုကောင်းနေလဲဆိုတာကိုတော့ ပြောလို့မရပေမယ့် ရီးရဲလ်အသင်းကနေသာ ရင်းနှီးမြှပ်နှံမှုကြီးကို လုပ်ဆောင်သွားတော့မယ်ဆိုရင်တော့ အနာဂတ်ကို စဉ်းစားပြီိး လုပ်ဆောင်သင့်ပါတယ်”

Photo Credit : AS English

“နေမာက အခုဆိုရင် အသက်(၂၈)နှစ် ရှိနေပါပြီ။ ဘာပေကတော့ (၂၂)နှစ်ပဲ ရှိနေပါသေးတယ်။ ရင်းနှီးမြှပ်နှံဖို့အတွက်ဆိုရင် ငယ်ရွှယ်တဲ့သူကိုပဲ ခေါ်ယူတာက အသင်းအတွက် ပိုပြီိးသင့်တော်နိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီကစားသမား(၂)ယောက်လုံးဟာ ရီးရဲလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသူတွေဖြစ်ပြီး ရီးရဲလ်နည်းပြဇီဒန်းကလည်း နေမာထက် သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဘာပေကိုပဲ ပိုမိုအလိုရှိနေသူဖြစ်ပါတယ်။ လက်ရှိမှာတော့ နေမာနဲ့ဘာပေတို့ဟာ သူတို့ရဲ့ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဆင့်ကို တတ်လှမ်းထားနိုင်ခဲ့ပြီး ဒီနေ့ညမှာပဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖိုင်နယ်ပွဲကို ဆင်နွဲရတော့မှာဖြစ်ပါတယ်။ ဖိုင်နယ်ပွဲကို တတ်လှမ်းထားတဲ့ တိုက်စစ်မှူးနေမာနဲ့ ပတ်သက်ပြီးတော့ကိုလည်း ရော်နယ်ဒိုက “သူရဲ့အကောင်းဆု့း ဘောလုံးရာသီတစ်ခု ဖြစ်စေနိုင်ဖို့အတွက် ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ဖို့လိုပါတယ်။ သူက နောက်ပိုင်းကစားခဲ့ရတဲ့ ပွဲတွေမှာ အတော်လေးကို ကစားပုံကောင်းမွန်လွန်းခဲ့တယ်။ အသင်းဖော်တွေ ဂိုးများစွာ သွင်းယူနိုင်မယ့် အခွင့်အရေးကောင်းတွေကိုလည်း ဖန်တီးပေးနိုင်ခဲ့တယ်။ ဒါပေမယ့် သူကိုယ်တိုင် အဆုံးသတ်ရမယ့်အချိန်မျိုးမှာတော့ တည်ငြိမ်မှုအားနည်းလွန်းနေပါတယ်။ တည်ငြိမ်မှုလည်းရှိမယ် ကံတရားလည်း ဖေးမနေမယ်ဆိုရင်တော့ ဖိုင်နယ်မှာ နေမာဂိုးတွေ သွင်းယူနိုင်မှာပါ” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။