အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ဆက်ဆူအိုလို အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုးကြောင့် ကမ္ဘာ့ ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေတဲ့ ဂျိုးဆပ် ဘီကန်ရဲ့ သွင်းဂိုး စံချိန်ကို လိုက်မှီနိုင်ခဲ့ကြောင်း သိရပါတယ်။ မကြာခင်မှာ အသက် ၃၆နှစ် အရွွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒို ဟာ ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သလို လက်ရှိ ဘောလုံးရာသီ မှာလည်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ရိုနယ်ဒိုဟာ သူ့ရဲ့ ကစားသမား ဘဝမှာ စပို့တင်း လစ္စဘွန်း ၊ မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲလ် မက်ဒရစ် ၊ ဂျူဗင်တပ် စတဲ့ ထိပ်တန်း အသင်းကြီးတွေမှာ ကစားခဲ့သလို သူ့ရဲ့ ဂိုးသွင်းစွမ်းရည် ကလည်း သာမန် ကမ္ဘာ့အဆင့် ကစားသမားတွေထက် များစွာ သာလွန်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ ကလပ်ပွဲစဉ် ၈၆၇ပွဲ ကစားထားရာမှာ သွင်းဂိုး ၆၅၇ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၂၂၄ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင် အသင်းဖြစ်တဲ့ ပေါ်တူဂီအသင်း အတွက်တော့ ရိုနယ်ဒိုဟာ ပွဲပေါင်း ၁၇၀ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၀၂ဂိုး အထိ သွင်းယူ နိုင်ခဲ့တာကြောင့် သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး ပမာဏဟာ ၇၅၉ဂိုး အထိ ရှိလာခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါ သွင်းဂိုး ပမာဏဟာ ကမ္ဘာ့ ဘောလုံးသမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ချက်လက်ရွေးစင် တိုက်စစ်မှူး ဂျိုးဆပ် ဘီကန်ရဲ့ တရားဝင် သွင်းဂိုး ပမာဏနဲ့ တူညီနေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ရိုနယ်ဒိုဟာ နောက်ထပ် သွင်းဂိုးတစ်ဂိုး ရရှိရုံနဲ့ ဘောလုံးသမိုင်း မှာ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် စံချိန်မှတ်တမ်း ဝင်မှာလည်း ဖြစ်ပါတယ်။ ရိုနယ်ဒိုရဲ့ ကလပ်အသင်း ကစားသမားဘဝ သွင်းဂိုးတေွကို ခွဲခြမ်း စိတ်ဖြာကြည့်မယ် ဆိုရင်တော့ သူဟာ ၃၆၃ ဂိုးကို ဘယ်တောင်ပံ ကစားသမား အဖြစ် ကစားစဉ်မှာ သွင်းယူခဲ့တာ ဖြစ်ပြီး ညာတောင်ပံ ကစားသမား အဖြစ် ကစားစဉ်မှာ ၇၆ဂိုး ၊ တိုက်စစ်မှူးအဖြစ် ကစားချိန်မှာ သွင်းဂိုး ၁၅၅ဂိုးအထိ သွင်းယူ နိုင်ခဲ့တာပါ။ အသင်းလိုက် ခွဲခြား ကြည့်မယ် ဆိုရင်တော့ ရိုနယ်ဒိုဟာ စပို့တင်းအသင်းမှာ ၅ဂိုး ၊ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ၁၁၈ဂိုး ၊ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၄၅၀ဂိုးနဲ့ ဂျူဗင်တပ် အသင်းမှာ ၈၄ဂိုး အထိ သွင်းယူ ထားနိုင်ပါတယ်။