အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ကစားခဲ့တဲ့ ဆာဆူအိုလို အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး တစ်ဂိုး ရယူနိုင်ခဲ့ အပြီးမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၃နှစ် အတွင်းမှာ ဘယ်သူမှ လိုက်မမှီခဲ့တဲ့ စံချိန်ကောင်း တစ်ခုကို လိုက်မှီသွားခဲ့ကြောင်း သိရပါတယ်။ ဂျူဗင်တပ် အသင်းနဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ မရှိမဖြစ် ဂိုးသွင်းစက် တစ်လုံးဖြစ်သူ ရိုနယ်ဒိုဟာ မကြာခင်မှာ အသက် ၃၆နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ သူ့ရဲ့ ဂိုးသွင်းခြေစွမ်းက ကျဆင်းသွားခြင်း မရှိပဲ လက်ရှိ စီးရီးအေပြိုင်ပွဲရဲ့ ပွဲစဉ် ၁၆ပြီးဆုံးချိန်မှာ အသင်းအတွက် သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူ ပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားပါတယ်။

Photo Credit: The Sun

ဒါ့ကြောင့်ပဲ ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်းမှာ နှစ်ပေါင်း ၆၃နှစ် အတွင်း ဘယ်ကစားသမားမှ လိုက်မမှီ ခဲ့တဲ့ အသင်းရဲ့ ကစားသမားဟောင်း ဂျွန်ချားလက်စ်ရဲ့ သွင်းဂိုး စံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။ ဂျူဗင်တပ် အသင်းမှာ ၅ရာသီသာ ကစားခဲ့ပေမယ့် အသင်းအတွက် သွင်းဂိုးပေါင်း ၁၀၀ကျော် သွင်းယူနိုင်ခဲ့တဲ့ ချားလက်စ်ဟာ ၁၉၅၇- ၁၉၅၈ ဘောလုံးရာသီမှာ ဂျူဗင်တပ် အသင်းအတွက် ထူးရှယ် ခြေစွမ်းတွေ ပြသခဲ့ပြီး စီးရီးအေ ပွဲစဉ် ၁၆ ပြီးဆုံးချိန်မှာ အသင်းအတွက် သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့ကာ စံချိန် မှတ်တမ်းသစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ ချားလက်စ်ရဲ့ အဆိုပါ သွင်းဂိုး စံချိန်ကို ၂၀၂၀ ခုနှစ် အထိ ဘယ်ကစားသမား ကမှ မချိုးဖျက်နိုင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ ရိုနယ်ဒိုက လိုက်မှီသွားခဲ့ပါတယ်။

Photo Credit: The Sun

ဒါ့အပြင် ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ ရတာကြောင့် ဂျူဗင်တပ် အသင်းရဲ့ စီးရီးအေ ပွဲစဉ် ၁၆ပွဲမှာ ၁၃ပွဲကိုသာ ပါဝင် ကစားထားရပြီး အဆိုပါ ၁၃ပွဲမှာ သွင်းဂိုး ၁၅ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် နိုင်ခဲ့တာကြောင့် ရိုနယ်ဒိုရဲ့ စွမ်းဆောင်ရည်ဟာ ချားလက်စ် ထက် ပိုပြီး သာလွန်တယ် လို့ ဆိုရမှာပါ။ ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၈ပွဲအထိ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၁၉ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားတာကြောင့် သူ့ရဲ့ တစ်ပွဲပျမ်းမျှ ဂိုးပါဝင် ပတ်သတ်မှုနှုန်းဟာ ၁ဂိုး အထိ ရှိနေပါတယ်။ ရိုနယ်ဒိုဟာ အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။