အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ လက်ရှိအချိန်မှာ သူ အလိုချင်ဆုံး ဆုဖလားဟာ ၂၀၂၂ ခုနှစ်မှာ ယှဉ်ပြိုင် ကစားရမယ့် ကမ္ဘာ့ဖလား ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၅ရက်နေ့မှာ အသက် ၃၆နှစ် ပြည့်မယ့် ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဘောလုံးသမား တစ်ဦးအတွက် မီးစာကုန် ဆီခမ်းတဲ့ အသက်အရွယ်ကို ရောက်ရှိနေပေမယ့် လက်ရှိအချိန် အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေဟာ ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ် အသင်းနဲ့ နိုင်ငံအသင်း ဖြစ်တဲ့ ပေါ်တူဂီအသင်းတို့ အတွက် ပင်မ အသက်သွေးကြောတွေလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ရိုနယ်ဒိုဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှာ ကလပ်အသင်းတွေနဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် အောင်မြင်မှုပေါင်း များစွာကို ရရှိခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်သလို နိုင်ငံအသင်း ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့လည်း ယူရိုဖလား ၊ နေးရှင်းလိဂ်ဖလား တို့ကို ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပါ။ ဒါပေမယ့် ရိုနယ်ဒို ကတော့ အခုချိန်အထိ အောင်မြင်မှုတွေကို ဆာလောင်နေဆဲ ဖြစ်ပြီး သူဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ကစားဦးမှာ ဖြစ်သလို အဆိုပါ ပြိုင်ပွဲမှာလည်း အောင်မြင်မှု ရရှိဖို့ အိမ်မက် မက်ထားကြောင်း ဆိုပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား ကိုတော့ ကာတာနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီး အဆိုပါ ကမ္ဘာ့ဖလား ကျင်းပတဲ့ ၂၀၂၂ခုနှစ် နွေရာသီကို ရောက်ရင်တော့ ရိုနယ်ဒိုဟာ အသက် ၃၇နှစ်ကို ကျော်လွန်ကာ ၃၈နှစ်ထဲကို ရောက်ရှိတော့မှာပါ။

Photo Credit: Standard

 

ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရချင်တဲ့ အကြောင်းကို ရိုနယ်ဒိုက “ကျွန်တော်တို့ဟာ (ပေါ်တူဂီ လက်ရွေးစင်အသင်း) အရမ်းကို ထူးခြားတဲ့ ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ယူရိုဖလားကို ရယူ နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ယူရို ၂၀၁၆ ကို အနိုင်ရခဲ့တာကြောင့် အခုချိန်မှာ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို နောက်ထပ် ပြိုင်ပွဲကြီး တစ်ခုဆီ လှမ်းသင့်ပါပြီ။ ကျွန်တော်တို့ အသင်းဟာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲချင်ပါတယ်။ အဲ့ဒါက ဖြစ်နိုင်မလား ဆိုရင် ဖြစ်နိုင်တဲ့ အရာတစ်ခုလို့ ကျွန်တော် ရဲရဲကြီး ပြောမိမှာပါ။ အရာရာတိုင်းဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ယုတ္ထိကျကျ စဉ်းစားတတ်ဖို့ လည်း လိုအပ်တာပေါ့။ ကျွန်တော်ဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ဆုဖလားတွေ ရယူချင်တဲ့ အကြောင်း ကို အကြိမ်ပေါင်းများစွာ ပြောပြခဲ့ပြီးပါပြီ။ အခု ကျွန်တော် ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ ဆုဖလား နှစ်လုံး ရယူနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော့်ကို အရမ်း ပျော်ရွှင်စေပါတယ်။ ကျွန်တော်က ကျွန်တော် ကစားခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလား ကတော့ ကျွန်တော့်ရဲ့ အိမ်မက်ပါ” လို့ ပြောကြား သွားပါတယ်။