အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကစားသမားဘဝ ကနေ အနားမယူခင်မှာ ချန်ပီယံလိဂ်ဖလား တလုံးကို အရယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးစားနေသူ ဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ အနေအထားဟာ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်း နည်းပါးနေတာကြောင့် ယခုလို အသင်းပြောင်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

တဖက်မှာလည်း မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း အထိ ပေးကာ ကမ်းလှမ်းခဲ့ပေမယ့် စပါးအသင်းကတော့ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးကာ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မန်ချက်စတာ စီးတီးအသင်းက မီးစိမ်းပြလိုက်တာနဲ့ ရိုနယ်ဒိုဟာ အင်္ဂလန်နိုင်ငံဆီ ပြောင်းရွှေ့လာဖို့ အဆင်သင့် ပြင်ဆင် နေပါတယ်။

Photo Credit: Standard

နာမည်ကျော် သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ရိုနယ်ဒိုနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ကြားမှာ တရားဝင် ဆွေးနွေးမှုတွေ ရှိနေကြောင်း အတည်ပြုပေးခဲ့ပြီး ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ရရှိရုံနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်းလည်း ဆိုပါတယ်။

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်တာကြောင့် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းဆီ ဘယ်တော့မှ ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် ဘာမဆို ဖြစ်လာနိုင်တဲ့ ဘောလုံးလောကရဲ့ သဘောတရားအတိုင်း ရိုနယ်ဒို တယောက် မန်ချက်စတာ စီးတီးအသင်းဆီ ရောက်ရှိသွားမလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။