ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ အသက်အရွယ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ အခြေအနေ အပေါ် စိတ်ပျက်နေကာ သူ့ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး အားမလို အားမရမှုတွေ ရှိနေကြောင်း သိရပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Express

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ရောက်ရှိကာစမှာ အသင်းအတွက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ပွဲဆက်များတဲ့ ဒီဇင်ဘာလကို ကျော်ဖြတ်ပြီးချိန်မှာတော့ သူ့ရဲ့ ဂိုးသွင်းအားနဲ့ ကစားအားက သိသိသာသာ ကျဆင်းလာခဲ့ပြီး ယခု ၂၀၂၂ခုနှစ် အတွင်းမှာ ဆိုရင် သူက သွင်းဂိုး တဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဂိုးဖန်တီးမှုတွေလည်း တကြိမ်မှ မလုပ်ထားနိုင်ပါဘူး။

ရိုနယ်ဒိုဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကို ထိန်းသိမ်းတဲ့ နေရာမှာ စံပြပုဂ္ဂိုလ် တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူ့ရဲ့ နေ့စဉ် အစားအသောက် အတွက် အာဟာရပိုင်း ကျွမ်းကျင်တဲ့ ဆရာဝန် တဦးကို ခန့်အပ်ထားသလို ကြွက်သားတွေရဲ့ အိုမင်းမှုကို တားဆီးနိုင်ဖို့ အအေးခန်းနဲ့ လေ့ကျင့်တာတွေ ၊ ချွေးထုတ်ခန်း သုံးပြီး လေ့ကျင့်တာတွေ စတဲ့ လေ့ကျင့်မှုတွေကို အဆက်မပြတ် ပြုလုပ်နေလေ့ ရှိသူပါ။

Photo Credit: Express

ဒါပေမယ့် ရိုနယ်ဒိုဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေပေမယ့် ဇရာကိုတော့ အန်တုနိုင်ခြင်း မရှိခဲ့ပါဘူး။ အသက် ၃၇နှစ် အရွယ် ကစားသမား တဦး အနေနဲ့ ကြံ့ခိုင်မှု အားပြု ကစားရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မိနစ် ၉၀ပြည့် ကစားနိုင်ဖို့ ဆိုတာ မလွယ်ကူပဲ ရိုနယ်ဒိုဟာ သူ့ရဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ အခြေအနေကြောင့် စိတ်ဓာတ်ကျဆင်းနေပြီး သူ့ရဲ့ ပြဿနာတွေကို သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဆီ ရင်ဖွင့်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီး နောက်ပိုင်းမှာ ရိုနယ်ဒိုဟာ ပြိုင်ပွဲစုံမှာ စုစုပေါင်း သွင်းဂိုး ၁၄ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပေမယ့် သူ့ရဲ့ ကန်ချက်တွေက အရင်လို မပြင်းတော့သလို ခြေနုတ် ခြေသိမ်းတွေလည်း အတော်လေး နှေးကွေးလာခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက် ကစားသမား ဘဝကို အကောင်းဆုံး သွင်းဂိုးတွေနဲ့ ဖျော်ဖြေနိုင်ခဲ့တဲ့ ရိုနယ်ဒို တယောက် ဇရာကို အံတုနိုင်ပါစေလို့ ဆုတောင်းပေးလျက်…။