ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာ ပရိသတ် တယောက်ရဲ့ ဖုန်းကို အမှတ်မထင် ဖျက်ဆီးမိခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အဖြစ် အဲဗာတန်ရဲ့ အိမ်ကွင်း ဂွတ်ဒီဆန်ပါ့တ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်ကို ခြေစွမ်းပိုင်း အသာစီးရအောင် မကစားနိုင်ခဲ့ပဲ အဲဗာတန် အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ တက်သစ်စ ကြယ်ပွင့် ဂေါ်ဒန်က သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါပွဲမှာ အနိုင်ရခဲ့တာကြောင့်ပဲ အဲဗာတန်က တန်းဆင်းဇုန်ထဲ ကနေ လွတ်အောင် ရုန်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မလွယ်ကူတော့သလို ယူရိုပါလိဂ်ဝင်ခွင့် ရဖို့ကိုတောင် ရုန်းကန်ရနိုင်ပါတယ်။

ဒါကြောင့် အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရိုနယ်ဒို တယောက် အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အားမလို အားမရ ဖြစ်နေခဲ့ကာ အဝတ်လဲခန်း အတွင်းကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ ပရိသတ် တယောက်ရဲ့ ဖုန်းကို မထင်မှတ်ပဲ ဖျက်ဆီးမိခဲ့တာပါ။

Photo Credit: Mirror

ရိုနယ်ဒိုဟာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဝတ်လဲခန်း အတွင်း ဝင်ရောက်နေတဲ့ အချိန်မှာ ပရိသတ် တယောက်က သူ့ကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားရာ ရိုနယ်ဒိုက အဆိုပါ ပရိသတ်ရဲ့ ဖုန်းကို လက်နဲ့ ရိုက်ချကာ ဖျက်ဆီးပစ်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရိုနယ်ဒိုရဲ့ အဆိုပါလုပ်ရပ်နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ မြင့်တက်နေသလို ရိုနယ်ဒိုကလည်း သူ့ရဲ့ လုပ်ရပ်က မှားယွင်းခဲ့ကြောင်းနဲ့ အဆိုပါ ပရိသတ်ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲတပွဲဆီ ဖိတ်ခေါ်ကာ တောင်းပန်ချင်ကြောင်း ပြောကြားထားပါတယ်။