ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ မိခင်ဖြစ်သူ ဒိုလိုရက်စ် အေဗီရို ကတော့ သူမရဲ့ သားဖြစ်သူထက် မြေးဖြစ်သူ ရိုနယ်ဒို ဂျူနီယာက ပိုမို ကောင်းမွန်တဲ့ ဘောလုံးသမား တဦး ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင် ရရှိထားသူ တဦး ဖြစ်ပြီး ပေါ်တူဂီသမိုင်းရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို ကမ္ဘာ့ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦးအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: The Sun

တဖက်မှာတော့ ခရစ္စတီယာနင်ဟိုလို့ ချစ်စနိုး နာမည်ပေးခံထားရတဲ့ ရိုနယ်ဒိုရဲ့ သားအကြီးဆုံး ရိုနယ်ဒို ဂျူနီယာဟာ ဖခင်ဖြစ်သူရဲ့ ခြေရာကို လိုက်နင်းကာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်လာဖို့ ချိန်ရွယ် ကြိုးစားနေသူ တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗင်တပ် ယူ-၉အသင်း အတွက် ပါဝင် ကစားပေးခဲ့ရာ စုစုပေါင်း သွင်းဂိုး ၆၀ကျော် အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ရိုနယ်ဒို ဂျူနီယာဟာ ဖခင်ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ ပုံစံအတိုင်း ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပြီး ရိုနယ်ဒိုရဲ့ မိခင်ဖြစ်သူ အေဗီရိုကတော့ သူမရဲ့ မြေးဟာ သားဖြစ်သူထက် ပိုမို ကောင်းမွန်ကြောင်းနဲ့ သားဖြစ်သူ ရိုနယ်ဒိုကို သူမ အားပေးတဲ့ စပို့တင်း လစ္စဘွန်းအသင်းဆီ မပို့နိုင်ရင်တောင် မြေးဖြစ်သူ ရိုနယ်ဒို ဂျူနီယာကို စပို့တင်းအသင်းမှာ ကစားခိုင်းဖို့ စီစဉ်ထားကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: The Sun

အေဗီရိုက – “ကျွန်မက ခရစ္စတီယာနိုကို ‘အမေ မသေခင် သား စပို့တင်းအသင်းဆီ ပြန်တာကို မြင်ချင်တယ်’ လို့ ပြောခဲ့ပါတယ်။ သူကတော့ ‘စောင့်ကြည့်ကြတာလို့ပဲ’ ပြန်ဖြေထားပါတယ်။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ တကယ်လို့ သူကသာ စပို့တင်းအသင်းဆီ မပြန်ဖြစ်ခဲ့ရင်လည်း ခရစ္စတီယာနင်ဟိုကို စပို့တင်းအသင်းမှာ ကစားခိုင်းပါ့မယ်။ ခရစ္စတီယာနင်ဟိုက ဒီအရွယ်မှာ ရိုနယ်ဒို ငယ်ငယ်ကထက် ပိုပြီး ကောင်းပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။