ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ အသင်းပြောင်းခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာသာ မန်ချက်စတာ ယူနိုက်တက်ဆီ ထိပ်တန်း ကစားသမားတွေ ရောက်လာရင် အသင်းမှာပဲ ဆက်နေဖွယ် ရှိကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ခန့်မှန်းသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်မှာ ၁ရာသီသာ ကစားရသေးပေမယ့် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် လက်ခံပေးဖို့ အသင်းထံ တောင်းဆိုထားသူပါ။

Photo Credit: CNN

လက်ရှိမှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်က သူ့ရဲ့ ကစားသမား အတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပြီး မန်ဒက်စ်က ရိုနယ်ဒိုကို ဘိုင်ယန်မြူးနစ် ၊ ဘာစီလိုနာ ၊ ပီအက်စ်ဂျီ ၊ ချယ်လ်ဆီး စတဲ့ ဥရောပ အသင်းကြီးတွေဆီ ကမ်းလှမ်းထားပေမယ့် ဘိုင်ယန်မြူးနစ် ၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ကူးမရှိကြသလို ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ်ကလည်း ရိုနယ်ဒိုကို ခေါ်မယ့် အစား သူ့ထက် ပိုမို ငယ်ရွယ်သလို အလားအလာကောင်းတွေ ရှိတဲ့ လူငယ် တိုက်စစ်မှူး တဦးကိုသာ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ အကြံပေးထားပါတယ်။

တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို ရောင်းချဖို့ သဘောတူထားပေမယ့် သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်လ်ဆီးဆီ ရောင်းချဖို့ စိတ်ကူးမရှိတာကြောင့် ရိုနယ်ဒိုကသာ ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ အသင်းဆီ ပြောင်းရွှေ့ချင်ရင် သူ့အတွက် ရွေးချယ်စရာက အသင်းဟောင်း စပို့တင်း လစ္စဘွန်းပဲ ရှိနေပါတယ်။

Photo Credit: CNN

ဒါပေမယ့် ရိုနယ်ဒိုဟာ စပို့တင်း လစ္စဘွန်းနဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းထဲက တသင်းကို ရွေးရမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကိုသာ ရွေးချယ်ဖွယ် ရှိနေပြီး နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲချင်စိတ် ရှိပေမယ့် အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှု ၊ အနာဂတ် စီမံကိန်း စတဲ့ အချက်တွေကို အားမရတာကြောင့် အသင်းကနေ ထွက်ချင်နေတာ ဖြစ်ပြီး အကယ်၍ ယူနိုက်တက်ကသာ အားရစရာ ကောင်းတဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်ခဲ့ရင် အသင်းမှာပဲ ဆက်နေနိုင်ချေ ရှိနေကြောင်း ဆိုပါတယ်။

လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက်က မာလာစီယာနဲ့ အဲရစ်ဆင်တို့ကို ခေါ်ယူထားနိုင်ပြီး ဒီဂျောင် ၊ မာတီနက်ဇ်နဲ့ အန်တိုနီတို့ကို ဆက်လက် ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် အကယ်၍သာ မန်ချက်စတာ ယူနိုက်တက်က အဆိုပါ ကစားသမား အားလုံးကို ခေါ်ယူနိုင်ခဲ့ရင် ရိုနယ်ဒိုကလည်း မန်ချက်စတာ ယူနိုက်တက်မှာ ဆက်လက် ရှိနေနိုင်ကြောင်း နာမည်ကြီး ပေါ်တူဂီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Record Portugal သတင်းဌာနက ဖော်ပြထားပါသေးတယ်။