လတ်တလောမှာ ဂျုဗင်တပ်စ်အသင်းအတွက် စီးရီးအေသွင်းဂိုးတွေကို ဆက်တိုက်သွင်းယူပေးနေတဲ့ ဝါရင့်တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ လာမယ့်မတ်လအတွင်းမှာ သူရဲ့နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့အတူ နိုင်ငံတကာပြိုင်ပွဲအသစ်တစ်ခုုဖြစ်သော ကာတာလေကြောင်းလိုင်းရဲ့နိုင်ငံတကာဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားနိုင်ဖွယ်ရှိတာကြောင့် အဲ့ဒီဖိတ်ခေါ်ဖလားပြိုင်ပွဲမှာပဲ သူရဲ့နိုင်ငံတကာသွင်းဂိုးတစ်ရာပြည့်မြောက်တာကို မြင်တွေ့လာရနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

ကာတာနိုင်ငံအတွင်းမှာ ကျင်းပပြုလုပ်သွားမယ့် Qatar Airways International Tournament ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ၂၀၁၆ခုနှစ်ရဲ့ယူရိုချန်ပီယံအသင်းဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်း ၂၀၁၈ခုနှစ်ရဲ့ကမ္ဘာ့ဖလား ဒုတိယဆုရ ခရိုအေးရှားလက်ရွေးစင်အသင်း ကစားသမားကောင်းတွေများစွာကို ပိုင်ဆိုင်ထားတဲ့ ဘယ်ဂျီယံလက်ရွေးစင်အသင်းနဲ့ အထင်သေးလို့မရတဲ့ ဥရောပအသင်းဖြစ်သော ဆွတ်ဇာလန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကာ ဘယ်နေ့မှာ ကျင်းပမယ်ဆိုတာကတော့ အတိအကျ ဖော်ပြထားခြင်းမရှိသေးပါဘူး။

Photo Credit : Euronews

ဒီဖိတ်ခေါ်ဖလားပြိုင်ပွဲကို နိုင်ငံတကာအသင်းတွေရဲ့ ပွဲစဉ်တွေကို ကျင်းပမယ့် International Break အတွင်းမှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းတွေနဲ့ကလည်း လာမယ့်ယူရို-၂၀၂၀ ပြိုင်ပွဲမတိုင်ခင်မှာ ခြေစမ်းပွဲသဘောအနေနဲဲ့ ကစားခွင့်ရမှာဖြစ်သလို လက်ရှိမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာ သွင်းဂိုး၉၉ဂိုးအထိ သွင်းယူထားနိုင်တဲ့ ရော်နယ်ဒိုအတွက် သွင်းဂိုးရာပြည့်နိုင်ဖွယ်ပါ ရှိနေပါတယ်။ ဖိတ်ခေါ်ဖလားပြိုင်ပွဲဖြစ်တာကြောင့် ကစားသမားအစုံအလင်နဲ့ ယှဉ်ပြိုင်ကစားဖွယ်မရှိပေမယ့်လည်း ကာတာလေကြောင်းလိုင်းလို ကမ္ဘာကျော်လုပ်ငန်းစုကြီးကနေ ကျင်းပတာဖြစ်လို့ ဆုကြေးငွေလည်း များပြားနိုင်တာကြောင့် ပြိုင်ပွဲက အကြိတ်အနယ်ရှိမှာ သေချာနေပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမယ့် Qatar Airways International Tournament ဖိတ်ခေါ်ဖလားပြိုင်ပွဲဟာ ၃ရက်သာ ကျင်းပမှာဖြစ်ပြီး မိနစ်၉၀ပြည့်မဟုတ်ပဲ ၄၅မိနစ်ပတ်လည်လောက်သာ ကစားဖွယ်ရှိနေပါတယ်။