စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က ပြင်းထန်ဒဏ်ရာ တခုကြောင့် ကာလရှည် အနားယူရတော့မယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ နေရာအတွက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆက်ဆံရေး ပြိုကွဲနေတဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုကို ကာလတို စာချုပ်တရပ်နဲ့ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် တချို့က ဖော်ပြသွားကြပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရာ ဒဏ်ရာဟောင်း တခု ပြန်ရသွားတာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေပြီး ဘန်ဇီမာဟာ အဆိုပါ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့တာကြောင့်ပဲ အနည်းဆုံး ၂လ ကနေ အများဆုံး ၃လ ဝန်းကျင် အထိ အနားယူရနိုင်ပါတယ်။

Photo Credit: AS English

ဘန်ဇီမာရဲ့ ဒဏ်ရာပြဿနာကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ လူစာရင်းနဲ့ ပွဲတွေကို ဆက်ကစားရဖို့ ရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ကစားသမားအင်အား မလုံလောက်မှုကြောင့် ရလဒ်တွေ ဆိုးဝါးလာမှာကို မလိုချင်တာကြောင့်ပဲ ဘန်ဇီမာရဲ့ နေရာကို အစားဝင်နိုင်မယ့် ရေတိုသုံး တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စတင် စဉ်းစားနေပါတယ်။

တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ ဆက်ဆံရေး ပြိုကွဲနေသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ပြင်နေသလို ရိုနယ်ဒိုကလည်း ယူနိုက်တက် ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အင်အားကြီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျိမ်းစ် ရော့ဘ်ဆန်ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာရသွားတဲ့ ဘန်ဇီမာရဲ့ နေရာအတွက် ရိုနယ်ဒိုကို ကာလတို စာချုပ်တရပ်နဲ့ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ရိုနယ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်မဖျက်သိမ်းနိုင်ရင် ရိုနယ်ဒိုရဲ့ လုပ်ခလစာကို ပေးချေနိုင်မယ့် အသင်းဆီ ရိုနယ်ဒိုအား စာချုပ်ကုန်သည် အထိ အငှားချဖို့ ဆုံးဖြတ်ထားတာကြောင့် ရီးရဲလ်မက်ဒရစ်က ရိုနယ်ဒိုကို အလွတ် (သို့) ၆လ သက်တမ်း ရှိတဲ့ ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အလားအလာ များပြားနေကြောင်း သိရပါတယ်။

ကဲ မန်ချက်စတာမြို့ဆီ ပြန်ခဲ့ဖူးတဲ့ ရိုနယ်ဒို တယောက် အခုချိန်မှာရော သူ့ရဲ့မြို့ဟောင်း မက်ဒရစ်ဆီ ပြန်သွားသင့်တယ်လို့ ထင်ကြလားဗျ…?