MySport Myanmar

အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ ရော်နယ်လ်ဒို

လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ပေါ်တူဂီ စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူရဲ့ လက်ရှိကလပ် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၉)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ဝါရင့်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ၂၀၂၃ မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : SPORTbible

ရော်နယ်လ်ဒိုကြောင့် ဆော်ဒီလိဂ်က ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ရပြီး အခုဆိုလည်း နေမာ ၊ မာနေး ၊ ဘန်ဇီမာ အစရှိတဲ့ ထိပ်တန်း ကစားသမားတွေကြီးတွေတောင် ဆော်ဒီလိဂ်မှာ လာရောက် ကစားနေကြပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာတို့ရဲ့ စာချုပ်သက်တမ်းကတော့ လာမယ့် ၂၀၂၅ ဇွန်လဆိုရင်ပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ကလည်း အယ်လ်နာဆာနဲ့အတူ ဆုဖလားတွေ စံချိန်မှတ်တမ်းကောင်းတွေ ဆက်လက် ရယူသွားချင်နေသလို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုလည်း ဝင်ရောက် ယှဉ်ပြိုင်သွားချင်တဲ့ စိတ်ဆန္ဒလည်း ရှိနေသေးတဲ့အတွက် အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းဖို့ပါ ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : CNN

အယ်လ်နာဆာဘက်ကလည်း သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် အဓိက ကစားသမားကြီး ရော်နယ်လ်ဒိုကို အခု ဘောလုံးရာသီအကုန်မှာပဲ အသင်းကနေ မထွက်ခွာစေချင်သေးတဲ့အတွက် စာချုပ်သစ်ကိစ္စတွေကို စတင် စီစဉ်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်လ်ဒိုကလည်း အခုဆို အယ်လ်နာဆာအတွက် အသင်းသမိုင်းတစ်လျှောက် စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နေပါတယ်။

မနှစ်က ဘောလုံးရာသီမှာ ဆော်ဒီလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အခုရာသီမှာလည်း အယ်လ်နာဆာအတွက် သွင်းဂိုး (၄)ဂိုး သွင်းယူပေးထားပေမယ့် ဒီရာသီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ အယ်လ်ဟီလာ တိုက်စစ်မှူး မီထရိုဗစ်နဲ့တော့ (၄)ဂိုး ကွာဟလို့နေပါတယ်။

Exit mobile version