ဂျုဗင်တပ်စ်အသင်းက လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရယူခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်မှာ အဝေးဂိုးစည်းမျဉ်းနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဂျုဗင်တပ်စ်အသင်းအတွက် သွင်းဂိုး(၂)ဂိုးရယူပေးခဲ့နိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ သူရဲ့စီနီယာကစားသမားဘဝအတွင်း သွင်းယူလာခဲ့တဲ့ သွင်းဂိုးအရေအတွက်ဟာ (၇၃၇)ဂိုးအထိကို ရှိလာခဲ့ရပြီး ပီလီရဲ့စံချိန်ကိုပါ လိုက်မှီနိုင်ဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Goal

ဘရာဇီးဂန္တဝင် တိုက်စစ်ကစားသမားကြီး ပီလီက သူရဲ့ဘောလုံးသမားဘဝအတွင်းမှာ (၁၃၆၃)ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးပေါင်း(၁၂၈၆)ဂိုးအထိကို သွင်းယူထားခဲ့တယ်ဆိုပေမယ့် အဲ့ဒီဂိုးတွေထဲကမှ (၅၁၉)ဂိုးက ခြေစမ်းပွဲတွေမှာ သွင်းယူခဲ့တာဖြစ်လို့ (၇၆၇)ဂိုးကိုပဲ တရားဝင်သွင်းယူခဲ့တဲ့ ဂိုးတွေအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်. အခု ပေါ်တူဂီတိုက်စစ်ကစားသမား ရော်နယ်ဒိုရဲ့သွင်းဂိုးစုုစုပေါင်းဟာဆိုရင်လည်း ပီလီရဲ့သွင်းဂိုးတွေနဲ့ ဂိုး(၃၀)အတိသာ ကွာဟနေတော့တာဖြစ်လို့ လာမယ့်ဘောလုံးရာသီအတွင်းမှာပဲ ပီလီရဲ့သွင်းဂိုးစံချိန်ကို လိုက်မှီတာရော ကျော်ဖြတ်နိုင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : SPORF

အသက်(၃၅)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂျုဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၇)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ပထမရာသီကထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ဖော်ပြသထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၅)နှစ်အရွှယ် ရှိနေပြီဖြစ်ပေမယ့်လည်း အသက်(၄၀)အရွှယ်လောက်အထိကို ဘောလုံးဆက်ကစားဖို့အထိ ရည်ရွှယ်ထားတာကြောင့်မို့ ပီလီရဲ့သွင်းဂိုး(၇၆၇)ဂိုးကို ကျော်ဖြတ်နိုင်တဲ့အပြင် ဂိုး(၈၀၀)လောက်အထိပါ သွင်းယူနိုင်ဖို့ ပစ်မှတ်ထားလို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီကလည်း (၇၁၇)ဂိုးနဲ့ သူရဲ့နောက်ကနေ ကပ်လိုက်နေတာဖြစ်လို့ သွင်းဂိုးတွေကို ရသလောက်ဆက်သွင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ရော်နယ်ဒိုဟာ စပို့တင်းမှာ သွင်းဂိုး(၅)ဂိုး မန်ချက်စတာယူနိုက်တက်အသင်းမှာ (၆)နှစ်အတွင်း သွင်းဂိုး(၁၁၈)ဂိုး ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှ်တစ်ခုကြာ ဖြတ်သန်းခဲ့ပြီး သွင်းဂိုး(၄၅၀)ကျော်နဲ့ လက်ရှိ ဂျုဗင်တပ်စ်အသင်းမှာ (၂)ရာသီအတွင်း သွင်းဂိုး(၆၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။