စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ရိုနယ်ဒိုဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ နီးစပ်နေပြီး ယခင်က ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ စဉ်းစားနေပေမယ့် ရိုနယ်ဒိုဟာ အသင်းဟောင်း မန်ယူအသင်းထက် ပေါ်တူဂီ ကစားသမားတွေ များစွာ ရှိတဲ့ ဝုဗ်အသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်နေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့လာပြီးတဲ့ နောက်မှာ အသင်းရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်လာခဲ့ပေမယ့် လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းဟာ လစာလျှော့ချရေးနဲ့ ရိုနယ်ဒိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရရေးတို့ အတွက် ရိုနယ်ဒိုကို ရောင်းချဖို့ စဉ်းစား နေပါတယ်။

Photo Credit: Talksport

လတ်တလော ထွက်ပေါ်ထားတဲ့ သတင်းတွေ အရ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ တရားဝင် စိတ်ဝင်စား နေသလို ရိုနယ်ဒိုရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ယူအသင်းဟာလည်း ရိုနယ်ဒိုကို သူတို့အသင်းထံ ပြန်လာဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ယနေ့ ရရှိလာတဲ့ သတင်းတွေ အရတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ အသင်းဟောင်း မန်ယူအသင်းထံ ပြန်ဖို့ထက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်နဲ့ ပနံသင့်သလို ပေါ်တူဂီသားတွေကို အခြေပြုကာ တည်ဆောက် ထားတဲ့ ဝုဗ်အသင်းထံကို ပြောင်းရွှေ့ဖို့ အတွက် ပိုမို နီးစပ်နေကြောင်း သိရှိရကာ ရိုနယ်ဒိုနဲ့ နီးစပ်သူတွေကလည်း အဆိုပါ သတင်းတွေကို အတည်ပြု ပေးထားပါတယ်။

Photo Credit: Talksport

ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ဟာ လက်ရှိမှာ ဝုဗ်အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေကို ကြိုးကိုင်ထားသူ တစ်ဦးဖြစ်ပြီး ဝုဗ်အသင်း ချန်ပီယံရှစ်ပြိုင်ပွဲ ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ တစ်ကျော့ပြန် တက်လှမ်းနိုင်ကာ ဖျက်မြင်းအသင်း အဆင့် အထိ ရောက်ရှိနိုင်အောင် မန်ဒက်စ်ဟာ နောက်ကွယ်ကနေ ကြိုးကိုင်နေတာပဲ ဖြစ်ပါတယ်။ မန်ဒက်စ်ရဲ့ ကြိုးကိုင်မှုတွေ အောက်မှာ ဝုဗ်အသင်းဟာ ပေါ်တူဂီသားတွေ ကြီးစိုးရာ ကလပ်အသင်း တစ်ခု ဖြစ်လာပြီး ဝုဗ်အသင်းကို ပိုင်ဆိုင်တဲ့ တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီကလည်း သူတို့အသင်းကို လာမယ့်နှစ် အနည်းငယ် အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်အောင် ပြုလုပ်ဖို့ ရည်မှန်းထားတာကြောင့် ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်းကနေ ထွက်ခွာပါက မန်ဒက်စ်ရဲ့ လမ်းညွှန်မှုအတိုင်း ဝုဗ်အသင်းဆီ ရောက်ရှိနိုင်ပါတယ်။