အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ သူ့ရဲ့ လက်ရှိကလပ် ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး ဂျူဗင်တပ်အသင်းက သူ့ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ မလိုလားတာကြောင့် လက်ရှိ နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ပြင်ဆင်နေတာပါ။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sport Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းနဲ့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး ဂျူဗင်တပ်အသင်းက ရိုနယ်ဒိုကို ရောင်းချချင်နေသလို ရိုနယ်ဒိုကလည်း ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာချင်နေကြောင်း သိရပါတယ်။

ယခုအချိန်မှာတော့ ရိုနယ်ဒိုရဲ့ အသင်းဟောင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြန်လည် လုပ်ဆောင်နေပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် အန်ဆလော့တီက အမ်ဘာပေကို မခေါ်ယူနိုင်သေးခင် ရိုနယ်ဒိုကို ခေါ်ယူပေးဖို့ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ထံ တောင်းဆိုခဲ့ကြောင်း နာမည်ကြီး စပိန် သတင်းထောက် တဦး ဖြစ်သူ အီဒူး အဂွီရယ်က ဆိုပါတယ်။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ကြယ်ပွင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး ပီအက်စ်ဂျီအသင်းဘက်က အမ်ဘာပေကို ရောင်းချဖို့ ငြင်းဆန်နေတာကြောင့် အသင်းရဲ့ သမိုင်းတလျှောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ရိုနယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတာပါ။

ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တခုကြာအောင် ကစားခဲ့သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၄၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၃၂ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို ယခုနှစ် နွေဈေးကွက် အပြောင်းအရွှေ့ အတွင်းမှာ ခေါ်ယူချင်ပါက ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ၆၀သန်းကြား သုံးစွဲရနိုင်ပါတယ်။