ကမ္ဘာပေါ်မှာ လူသိအများဆုံး ဘောလုံးသမားတွေထဲက တဦး ဖြစ်တဲ့ ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒိုရဲ့ ၄စက္ကန့်စာ ပြုလုပ်မှု တခုကြောင့် ကမ္ဘာကျော် အဖျော်ယမကာ ကုမ္ပဏီကြီးတခု ဖြစ်တဲ့ ကိုကာကိုလာ ကုမ္ပဏီဟာ ဒေါ်လာ ၄ဘီလီယံခန့် နစ်နာ ဆုံးရှုံးသွားကြောင်း စတော့ရှယ်ယာ အိတ်ချိန်းနဲ့ ဆက်စပ်တဲ့ သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ ကိုကာကိုလာ ကုမ္ပဏီဟာ နာမည်ကြီး အချိုရည် ကိုကာကိုလာကို ထုတ်လုပ် ဖြန့်ဝေတဲ့ ကုမ္ပဏီတခု ဖြစ်ပြီး ကိုကာကိုလာ အချိုရည်ကို ကမ္ဘာတဝှမ်းမှာ ကြိုက်နှစ်သက်သူတွေ များပြားတာကြောင့် သူတို့ကုမ္ပဏီရဲ့ တန်ကြေးဟာလည်း ဒေါ်လာ ၂၄၂ ဘီလီယံ အထိ ရှိပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ပေါ်တူဂီအသင်းက ဟန်ဂေရီအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲ အုပ်စု F အဖွင့်ပွဲစဉ် အပြီးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာ ရိုနယ်ဒို ပြုလုပ်ခဲ့တဲ့ ၄စက္ကန့်စာ လုပ်ရပ်တခုဟာ ကိုကာကိုလာ ကုမ္ပဏီရဲ့ တန်ကြေးကို ဒေါ်လာ ၂၃၈ ဘီလီလံအထိ လျော့ကျသွားစေခဲ့ပါတယ်။ ကိုကာကိုလာ ကုမ္ပဏီဟာ ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ အဓိက စပွန်ဆာကုမ္ပဏီတွေထဲက တခု ဖြစ်တာကြောင့် ကိုကာကိုလာ အချိုရည်ဘူးတွေကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ့် စားပွဲခုံပေါ်မှာ တင်ထားခဲ့ကာ အင်တာဗျူး ပြုလုပ်ဖို့ ရိုနယ်ဒို ရောက်လာချိန်မှာတော့ ရိုနယ်ဒိုဟာ သူ့ရဲ့ အရှေ့က ကိုကာကိုလာ အချိုရည်ဘူးတွေကို ဘေးဖယ်ပြီး သူ ယူလာတဲ့ ရေဘူးကို အစားထိုး လိုက်ပါတယ်။

Photo Credit: Mirror

အဲ့ဒီနောက် ရိုနယ်ဒိုက “အချိုရည်တွေဟာ ကျန်းမာရေးအတွက် မကောင်းကြောင်းနဲ့ ရေကိုသာ သောက်သုံးသင့်ကြောင်း” သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ ရိုနယ်ဒိုရဲ့ အချိုရည်တွေ မသောက်သုံးဖို့ ပြောကြားမှုအပြီးမှာ ကိုကာကိုလာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ကြေးဟာ ၅၆.၁၀ ဒေါ်လာ ကနေ ၅၅.၂၂ ဒေါ်လာအထိကို ကျဆင်းသွားကာ ကိုကာကိုလာ ကုမ္ပဏီရဲ့ တန်ကြေးဟာလည်း ဒေါ်လာ ၄ဘီလီယံခန့် ကျဆင်းသွားပါတယ်။ ရိုနယ်ဒိုဟာ အသက် ၃၆နှစ် အရွယ် အထိ ရောက်ရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်ကို အတောင့်တင်းဆုံး ဖြစ်အောင် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး သူ့အနေနဲ့ ယခုလို ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အကြောင်းရင်းတွေထဲမှာ သကြားဓာတ် များစွာ ပါဝင်တဲ့ အချိုရည်တွေကို မသောက်သုံးတဲ့ အချက်ဟာလည်း ပါဝင်ပါတယ်။

Photo Credit: Mirror

 

ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ထိန်းသိမ်းထားချင်တဲ့ လူတွေဟာ သကြားဓာတ် များပြားစွာ ပါဝင်တဲ့ အချိုရည်တွေကို မသောက်သုံးသင့်ကြောင်း ဆေးပညာလောကမှ ဆရာဝန်တွေ မကြာခဏ ဆိုသလို အသိပညာပေး ဖြန့်ဝေမှုတွေ ပြုလုပ်နေပေမယ့် ကိုကာကိုလာ အချိုရည် အပါအဝင် အချိုရည်တွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သရေစာတွေထဲက တခု ဖြစ်နေဆဲပါ။ ဒါပေမယ့် ရိုနယ်ဒိုလို ပရိသတ် အခိုင်အမာ ရှိတဲ့ ပုဂ္ဂိုလ်တဦးရဲ့ ပြောကြားမှုကြောင့် ကိုကာကိုလာ အချိုရည်ကို သောက်သုံးတဲ့ လူဦးရေဟာ အနည်းငယ် လျော့ကျသွားဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။