မနေ့ညက ကစားသွားခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ UEFA Nations League ပွဲစဉ်အတွင်းမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် သွင်းဂိုး(၂)ဂိုးလုံးကို တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို တစ်ယောက်တည်းကပဲ သွင်းယူနိုင်ခဲ့တာဖြစ်လို့ သူရဲ့နိုင်ငံတကာသွင်းဂိုးဟာလည်း တစ်ရာပြည့်မြောက်သွားခဲ့ပြီဖြစ်ပြီး ဥရောပကစားသမားတွေထဲမှာ နိုင်ငံတကာဂိုးတစ်ရာပြည့်ခဲ့တဲ့ ပထမဦးဆုံး ဘောလုံးသမားလည်း ဖြစ်လာခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေရှိနေတဲ့ ရော်နယ်ဒိုကို အသင်းဖော်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ်တူဂီနည်းပြဆန်းတို့စ်တို့ကလည်း ချီးကျူးစကားတွေ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၅)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမားကြီး ရော်နယ်ဒိုဟာ သူရဲ့နိုင်ငံတကာသွင်းဂိုး တစ်ရာပြည့်သွင်းဂိုးကို ဖရီးကစ်ကနေ သွင်းယူခဲ့တာဖြစ်သလို အဲ့ဒီပွဲစဉ်အတွင်းမှာပဲ (၁၀၁)ဂိုးမြောက် သွင်းဂိုးကိုပါ ဆက်လက်သွင်းယူနိုင်ခဲ့ပါတယ်။ သူနဲ့ ခေတ်ပြိုင်ကစားသမားဖြစ်တဲ့ လီယွန်မက်ဆီက နိုင်ငံတကာသွင်းဂိုး(၇၀)သာ သွင်းယူထားနိုင်ခဲ့ချိန်မှာ ရော်နယ်ဒိုက အခုလို သွင်းဂိုးရာပြည့်နိုင်ခဲ့တဲ့အပြင် ဥရောပဘောလုံးသမားတွေအားလုံးထဲမှာပါ ဘယ်ကစားသမားကမှ မလုပ်ဆောင်နိုင်သေးတဲ့ စံချိန်ကို ရယူနိုင်ခဲ့တာဖြစ်လို့ သူ့အတွက်တော့ အတော်လေးကို ဂုဏ်ယူစရာဖြစ်စေခဲ့ပါတယ်။

Photo Credit : Daily Express

ဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုကို ပေါ်တူဂီအသင်းဖော် ဘရူနိုဖာနန်ဒက်စ်က “ရော်နယ်ဒိုအနေနဲ့ သူရဲ့သွင်းဂိုးရာပြည့်ကို အလွယ်တကူပဲ ရရှိနိုင်မယ်ဆိုတာ ကျွန်တော်က သိထားပြီးသားပါ။ သူက သွင်းဂိုးတွေအတွက် အနံံ့ခံကောင်းသလို ဘယ်အခြေအနေမှာမဆို ပွဲတစ်ပွဲရဲ့အလှည့်အပြောင်းကို ဖြစ်စေနိုင်သူပါ။ သူရဲ့ရာပြည့်သွင်းဂိုးကလည်း ပထမပိုင်းအတွင်းမှာပဲ ဖရီးကစ်ကနေတဆင့် ရရှိခဲ့တယ်။ မနေ့ကပဲ လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ဖရီးကစ်ကနေ သွင်းဂိုးတွေများစွာ သွင်းယူခဲ့ပြီးတော့ ဒီနေ့မှာလည်း တစ်ပုံစံတည်းကို သူထပ်လုပ်ပြနိုင်ခဲ့တယ်။ ရော်နယ်ဒိုလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရတာ အရမ်းကောင်းတယ်။ သူက ဘယ်အသင်းကိုမဆို ပိုပြီးအင်အားကောင်းလာအောင် လုပ်ပေးနိုင်စွမ်းရှိသူပါ” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကလည်း သူရဲ့ကစားသမားရော်နယ်ဒိုနဲ့ပတ်သက်ပြီး “ကျွန်တော်ဘာတွေများ ထပ်ပြီးပြောဆိုနိုင်မှာလဲ။ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဘောလုံးအသင်းတစ်သင်းဆီမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မပါဝင်ပဲ ပိုကောင်းမွန်လာနိုင်စရာမှ မရှိတာ။ လူတွေက သူရဲ့သွင်းဂိုးတွေကို ရပ်တန့်သွားပြီလို့ ထင်နေကြတဲ့အချိန် သူကသွင်းဂိုးစံချိန်ထပ်ချိုးပြခဲ့တယ်။ နောက်ပြီး ကျန်ရှိနေသေးတဲ့ စံချိန်တွေကိုလည်း သူထပ်ပြီးရိုက်ချိုးဦးမှာပါ” လို့ ချီးမွှမ်းပြောဆိုလိုက်ပါတယ်။