MySport Myanmar

၂၀၂၃ခုနှစ်ထဲ ကစားသမားအားလုံးရဲ့ အထက်မှာ ရပ်တည်ထားနိုင်တဲ့ ရော်နယ်လ်ဒို

အသက် (၃၈)နှစ်အရွယ်တောင် ရောက်ရှိနေပြီဖြစ်တဲ့ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ သူရဲ့ လက်ရှိ အသက်အရွယ်နဲ့ မလိုက်အောင် မကုန်ခမ်းနိုင်သေးတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေရင်း အခု ၂၀၂၃ခုနှစ်ထဲ ကစားသမားအားလုံးရဲ့ အထက်မှာပါ ရပ်တည်လာနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်သွားချိန်မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ရော်နယ်လ်ဒိုက ရွေးချယ်မှု မှန်ကန်သွားခဲ့ရပြီး သူရဲ့အသင်းသစ် အယ်လ်နာဆာအတွက်ရော ပေါ်တူဂီအသင်းအတွက်ပါ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသလာနိုင်ခဲ့ပါတယ်။

Photo Credit : AS USA

အရင်ကတည်းက ဂိုးတွေအား ကောင်းမွန်လှသူဖြစ်တဲ့ ပေါ်တူဂီ စူပါစတားကြီးဟာ ဆော်ဒီမြေမှာလည်း သူရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ပိုင်ဆိုင်ခဲ့ရင်း ဒီရာသီထဲ ဆော်ဒီပရိုလိဂ် အမှတ်ပေးပြိုင်ပွဲမှာပါ ဂိုးသွင်းအများဆုံး ကစားသမားအပြင် ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ်နဲ့ပါ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

အခုဆိုရင် ရော်နယ်လ်ဒိုဟာ ဒီ ၂၀၂၃ခုနှစ်အတွင်း အယ်လ်နာဆာ နဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းတို့အတွက် သွင်းယူပေးထားနိုင်တဲ့ ဂိုးအရေအတွက်က (၅၃)ဂိုးအထိ ရှိသွားခဲ့ပြီး ဟယ်ရီကိန်း ဘာပေ နဲ့ ဟာလန်းတို့ကို ကျော်လွန်ကာ အခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့လည်း ရပ်တည်လာနိုင်ခဲ့ပြန်ပါတယ်။

Photo Credit : Footbalium

လက်ရှိ ဥရောပ ဘောလုံးနယ်ပယ်မှာ အသက်အရွယ်အရရော စွမ်းဆောင်ရည်အရပါ အကောင်းဆုံး အနေအထားတွေမှာ ရှိနေကြတဲ့ ကိန်း ဘာပေ ဟာလန်းတို့လို တိုက်စစ်မှူးတွေထက်ရော ဒီနွေမှ ဥရောပကနေ ဆော်ဒီလိဂ်ဆီ ရောက်ချလာတဲ့ တိုက်စစ်ကစားသမားတွေထက်ပါ ရော်နယ်လ်ဒိုက အားလုံးကို ကျော်လွန်ပြီး လက်ဖျားခါလောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အခု ၂၀၂၃မှာ အယ်လ်တာဝန်အသင်းနဲ့ ၂၀၂၃ ရဲ့ နောက်ဆုံးပွဲကိုလည်း ဆက်လက် ယှဉ်ပြိုင်သွားရဖို့ ရှိနေသေးတာကြောင့် အဲ့ဒီပွဲမှာရော ဂိုးတွေ ဘယ်လောက်အထိ ဆက်လက် သွင်းယူသွားဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။

Exit mobile version