ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မကြာမီ ကျင်းပတော့မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာပဲ ကစားသမားဘဝ ကနေ အနားယူသွားဖွယ် ရှိကြောင်း သိရှိရပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၆လ ကျန်နေသေးပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်တို့ကို လူသိရှင်ကြား ပြန်လည် ဝေဖန်ခဲ့တာကြောင့် မကြာမီမှာပဲ အသင်းနဲ့ စာချုပ်ဖျက်သိမ်းရဖို့ ရှိနေပါတယ်။

Photo Credit: Marca

မန်ချက်စတာ ယူနိုက်တက်ကတော့ ရိုနယ်ဒိုရဲ့ အင်တာဗျူးနဲ့ ပတ်သတ်ပြီး သင့်တော်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ကြေညာထားပြီး အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းထောက် တချို့ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ မကြာခင်မှာပဲ ရိုနယ်ဒိုကို စာချုပ်ပါ အချက်အလက်များအား ချိုးဖောက်မှုနဲ့ စာချုပ်ဖျက်သိမ်းကာ လက်ကျန် လုပ်ခလစာတွေကို မပေးချေတော့ဖို့ ဆုံးဖြတ်ထားကြောင်း ဖော်ပြထားကြပါတယ်။

ရိုနယ်ဒိုကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြစ်ပေး အရေးယူမှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်မှာလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်သွားမှာ မဟုတ်ဘူးလို့ ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဘောလုံးပရိသတ်တွေက ရိုနယ်ဒို တယောက် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာပြီးရင် ဘယ်အသင်းဆီ ပြောင်းရွှေ့သွားမလဲ ဆိုတာကို စိတ်ဝင်စားနေကြပြီး ရိုနယ်ဒိုကတော့ ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အကယ်၍ သူကသာ ပေါ်တူဂီနဲ့ ကမ္ဘာ့ဖလားကို အရယူနိုင်ခဲ့ရင် ကစားသမားဘဝကို အနိုင်နဲ့ ပိုင်းကာ အနားယူသွားမယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ရိုနယ်ဒိုက – “တကယ်လို့ ပေါ်တူဂီနဲ့သာ ကမ္ဘာ့ဖလားကို အရယူနိုင်ခဲ့ရင် ကျွန်တော်က ကစားသမားဘဝ ကနေ အနားယူသွားပါမယ်။ ဒါက ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။ ရိုနယ်ဒိုက ကမ္ဘာ့ဖလားကို ရရင် ကစားသမား ဘဝ ကနေ အနားယူမယ်လို့ ပြောကြားထားတာကြောင့် ကမ္ဘာ့ဖလားကို မရရင် ဘောလုံး ဆက်ကစားနိုင်တယ်လို့ ယူဆနေကြပေမယ့် ရိုနယ်ဒိုနဲ့ နီးစပ်သူ တချို့ကတော့ ရိုနယ်ဒိုဟာ သူနဲ့ သင့်တော်မယ့် အသင်းကြီး တသင်းရဲ့ ကမ်းလှမ်းမှုကိုသာ မရရင် ကစားသမား ဘဝကို အဆုံးသတ်ကာ စီးပွားရေးသမား တဦး အဖြစ် ပြောင်းလဲသွားဖွယ် ရှိကြောင်း သုံးသပ်ထားကြပါတယ်။