အီတလီ စီးရီးအေ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတစ်ဦး ဖြစ်တဲ့ စီရိုနယ်ဒိုဟာ လက်ရှိ ဘောလုံးရာသီအကုန်မှာ ဂျူဗင်တပ် အသင်းကို စွန့်ခွာဖို့အတွက် အလားအလာတွေ များနေတယ်လို့ အီတလီနိုင်ငံ အခြေစိုက် ရေဒီယိုလိုင်း တစ်ခုက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အီတလီနိုင်ငံရဲ့ နာမည်ကြီး ရေဒီယိုလိုင်း တစ်ခုဖြစ်တဲ့ Radio Rossonera ဟာ ရိုနယ်ဒို အနေနဲ့ လက်ရှိ ဘောလုံးရာသီ ပြီးဆုံးသွားတဲ့ အခါမှာ ဂျူဗင်တပ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပြောဆိုသွားခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းထံကို ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ပါ အဆိုပါ ရေဒီယိုလိုင်းက ခန့်မှန်းသုံးသပ် သွားခဲ့ပါတယ်။

Photo Credit: AS English

ပြီးခဲ့တဲ့ မေလအတွင်းမှာ အသက်၃၅နှစ် ပြည့်ခဲ့တဲ့ စီရိုနယ်ဒိုဟာ ၂၀၁၈ခုနှစ်မှာ စပိန် ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို၁၀၀၀သန်းနဲ့ ဂျူဗင်တပ်အသင်း ထံကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ကာ ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံ ၇၅ပွဲ ပါဝင် ကစားပေးထားရာမှာ ၅၃ဂိုးအထိ သွင်းယူပေးထား နိုင်ခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင်လည်း စီရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြထားနိုင်နေပြီး စီးရီးအေ ဘောလုံးပွဲစဉ် ၂၂ပွဲ ပါဝင် ကစားထားရာမှာ ၂၁ဂိုး သွင်းယူထားပြီး ၃ဂိုး ဖန်တီးပေးထား နိုင်ခဲ့ကာ သူ့ရဲ့ အသက်ကြီးပေမယ့် ကောင်းမွန် နေဆဲ ဖြစ်တဲ့ ဂိုးသွင်းခြေစွမ်းကြောင့် ချန်ပီယံလိဂ်ဖလားကို လိုချင်နေတဲ့ ပီအက်စ်ဂျီအသင်း ဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတဲ့ နေမာရဲ့ နေရာမှာ ကြယ်ပွင့် ကစားသမား တစ်ဦးကို အစားထိုး ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို၈၀သန်းခန့်နဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။ အီတလီ အခြေစိုက် သတင်းစာတွေကလည်း ဂျူဗင်တပ် အသင်းဟာ ကိုရိုနာဗိုင်းရပ် ပျံ့ပွားနေတဲ့ ကာလအတွင်းမှာ ဖြစ်ပေါ်လာနိုင်တ​ဲ့ ဘဏ္ဏာရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အသင်းရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်တဲ့ ရိုနယ်ဒိုကို ပြန်လည် ရောင်းချဖို့ စဉ်းစားနေကြောင်း ဖော်ပြထားကြပြီး ရိုနယ်ဒိုဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ဂျူဗင်တပ်အသင်းကနေ ပီအက်စ်ဂျီအသင်းထံကို ရောက်ရှိနိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။