ယမန်နေ့ညမှာ ကစားခဲ့တဲ့ တူရင်ဒါဘီပွဲစဉ် ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ တိုရီနိုအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ဂျူဗင်တပ်အသင်းဟာ ဧည့်သည် တိုရီနိုအသင်းကို ခြေစွမ်းအရ အပြတ် အသတ် အသာရအောင် ကစားနိုင်ခဲ့ခြင်း မရှိပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် ပိုင်း ကွာဟချက်တွေကြောင့် ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ရရှိခဲ့ပါတယ်။ အိမ်ကွင်း ဖြစ်တဲ့ အလိုင်းဇ်ယန့်ကွင်းမှာ ကစားရတဲ့ပွဲစဉ် ဖြစ်တာနဲ့အညီ ဂျူဗင်တပ်အသင်းဟာ ပွဲစတယ် ဆိုတာနဲ့ တိုရီနိုအသင်းဘက်ကို ဖိအားပေး ကစားခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃မိနစ်မှာပဲ ဒိုင်ဘာလာက သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျူဗင်တပ် အသင်းကပဲ ပွဲကို ဦးဆောင်ကာ ကစားနေခဲ့ပြီး ပွဲချိန် ၂၉မိနစ်မှာ ကွာဒရာဒိုက ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးခါနီးမှာတော့ ဒီလစ်ရဲ့ လက်ထိဘော ကနေ ရလာတဲ့ ပင်နယ်တီကို ဘယ်လော့တီက အကောင်းဆုံး အဆုံးသတ်ခဲ့ပြီး တိုရီနိုအသင်း အတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ တိုရီနိုအသင်းဟာ တိုက်စစ်ပိုင်းကို ပိုမို အလေးပေး ကစားလာခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ ဂိုးကံခေမှုတွေ ၊ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်ရဲ့ လက်စွမ်းတွေကြောင့် လိုအပ်နေတဲ့ ချေပဂိုးကို မရခဲ့ပဲ ပွဲချိန် ၆၁မိနစ်မှာတော့ ရိုနယ်ဒိုဟာ တိုရီနိုရဲ့ ဂိုးဧရိယာအစပ်မှာ ရတဲ့ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းယူကာ ဂျူဗင်တပ်အသင်း အတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တတိယသွင်းဂိုး ခွင့်ပြုပေးခဲ့ရပြီး နောက်မှာတော့ တိုရီနိုအသင်းရဲ့ ကစားပုံဟာ ပြန်လည် ကျဆင်းသွားခဲ့ပြီး ပွဲချိန် ၈၆မိနစ် မှာတော့ DjiDji ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဂျူဗင်တပ်အသင်းဟာ စတုတ္ထမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ် မှာတော့ ဂျူဗင်တပ်အသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်ကြတဲ့ စီရိုနယ်ဒိုနဲ့ ဘူဖွန်တို့ဟာ စံချိန် မှတ်တမ်းအသစ်တွေကို ရေးထိုးနိုင်ခဲ့ကြတယ် လို့ သိရပါတယ်။

Photo Credit: Metro

အသက်၄၂နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့် ဂိုးသမားကြီး ဘူဖွန်ဟာ တိုရီနိုနဲ့ပွဲစဉ်ကို ပါဝင် ကစားပေးပြီးတဲ့ နောက်မှာတော့ စီးရီးအေမှာ ကစားခဲ့ရတဲ့ ပွဲစဉ် ၆၄၈ပွဲအထိ ရှိလာခဲ့သလို စီးရီးအေပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားခဲ့တဲ့ ကစားသမားအဖြစ် မာလ်ဒီနီကို ကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့တာပါ။ အသက် ၃၅နှစ်အရွယ် ရိုနယ်ဒိုကတော့ ပြစ်ဒဏ်ဘော ကနေ တဆင့် တိုရီနိုအသင်းဘက်ကို သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့အပြီး လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေသွင်းဂိုး ၂၅ဂိုးအထိ ရှိလာခဲ့ကာ နောက်ဆုံး နှစ်ပေါင်း၆၀အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် စီးရီးအေသွင်းဂိုး ၂၅ဂိုး ပြည့်တဲ့ ဂျူဗင်တပ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရိုနယ်ဒိုဟာ ယခုနှစ်ရဲ့ လာလီဂါ ၊ ပရီးမီးယားလိဂ် ၊ စီးရီးအေပြိုင်ပွဲ သုံးခုမှာ သွင်းဂိုး ၂၅ဂိုး ပြည့်တဲ့ ပထမဦးဆုံး တိုက်စစ်မှူးအဖြစ် မှတ်တမ်း ဝင်ခဲ့ပါသေးတယ်။