တခေတ်တခါက ပရိသတ်တွေ အားလုံးရဲ့ စိတ်ဝင်စားမှုတွေကို ဖမ်းစားနိုင်ခဲ့တဲ့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒို နာဇာရီယို ကတော့ လက်ရှိအချိန်မှာ သူ့အတွက် အကောင်းဆုံး တိုက်စစ်မှူးက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘန်ဇီမာရဲ့နောက် ဒုတိယနေရာမှာသာ ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒို နာဇာရီယိုဟာ ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်ပြီး သူ့ခေတ် သူ့အခါမှာ ဘယ်လို နောက်ခံလူမျိုးမဆို သူ့ကို မြင်တာနဲ့ ကြောက်ရွံ့နေကြတဲ့ အထိ အရှိန်အဝါ ကြီးမားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၃၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

တဖက်မှာတော့ အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဖီဖာက ပေးအပ် ချီးမြှင့်တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် အကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး ရရှိထားသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၄ဂိုး သွင်းယူပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးထားနိုင်သူပါ။

Photo Credit: Standard

ယခုနှစ် ဘောလုံးရာသီမှာ ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီးတို့ နှစ်ဦးရဲ့ ဂိုးပါဝင်ပတ်သတ်မှုနှုန်းဟာ တပွဲ တဂိုးနှုန်းထက် ကျော်နေပြီး ဒီအချက်တွေကြောင့်ပဲ ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီးတို့က ယခုနှစ် ဘောလုံးရာသီရဲ့ အကောင်းဆုံး တိုက်စစ်မှူး နှစ်ဦး ဖြစ်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဒါပေမယ့် ရော်နယ်ဒို နာဇာရီယိုကတော့ ဘန်ဇီမာကို အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ရော်နယ်ဒိုက – “လက်ရှိ အကောင်းဆုံး တိုက်စစ်မှူးကတော့ ဘန်ဇီမာပါ။ ဒီအချက်နဲ့ ပတ်သတ်ပြီး အငြင်းပွားစရာ မရှိပါဘူး။ လီဝမ်ဒေါစကီးက သူ့ရဲ့နောက်ကနေ လိုက်ပါလိမ့်မယ်။ ဟာလန်းကတော့ အနာဂတ်မှာ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်လာမယ့်သူပါ။ ဒါပေမယ့် အခုချိန်မှာတော့ ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီးတို့ နှစ်ယောက်စလုံးက သူ့ထက် ပိုကောင်းကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။