လီယွန်နယ်မက်ဆီက စပိန်လာလီဂါမှာ ဂိုးဖန်တီးမှုအကြိမ်ရေအများဆုံး စံချိန်သစ်ကို ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ ပိုင်ဆိုင်ခဲ့သလို မက်ဆီရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကလည်း လာဇီယိုကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂျုဗင်တပ်စ်အသင်းအတွက် အရေးပါလှတဲ့ သွင်းဂိုး(၂)ဂိုးကို သွင်းယူခဲ့ကာ အသင်းကို (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကနေ အဆုံးသတ်သွားနိုင်ခဲ့သလို သူရဲ့နှစ်ရာသီအတွင်း စီးရီးအေသွင်းဂိုးကလည်း စုစုပေါင်းဂိုး(၅၀) ပြည့်မြောက်သွားခဲ့ပါတယ်။

Photo Credit : Yahoo Sports

အသက်(၃၅)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်ကစားသမားကြီ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်သွင်းဂိုး ဂိုး(၅၀) ပြည့်မြောက်ခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားစဉ်တုန်းကလည်း စပိန်လာလီဂါသွင်းဂိုး ဂိုး(၅၀)ပြည့်ခဲ့ပါသေးတယ်။ အခု ဂျုဗင်တပ်စ်အသင်းနဲ့အတူ ပါဝင်ကစားနေစဉ်မှာလည်း အီတလီစီးရီးအေသွင်းဂိုး ဂိုး(၅၀)ကို နှစ်ရာသီအတွင်းမှာပဲ အလျင်အမြန်ပြည့်မြောက်ခဲ့လို့ ဥရောပရဲ့အထင်ကရ အမှတ်ပေးလိဂ်(၃)ခုမှာ ဂိုး(၅၀)စီ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ဘောလုံးသမားတစ်ဦးအဖြစ် စံချိန်မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလို ရော်နယ်ဒိုရဲ့ စီးရီးအေသွင်းဂိုး(၅၀)ပြည့်မြောက်မှုဟာ ၁၉၉၅ခုနှစ်နောက်ပိုင်း အမြန်ဆုံးအဖြစ်နဲ့ပါ သတ်မှတ်ခံခဲ့ရပါသေးတယ်။ ဒါတွေတင်မကသေးပဲ လာဇီယိုဘက်ကို သွင်းယူလိုက်တဲ့ သွင်းဂိုး(၂)ဂိုးကြောင့် ရော်နယ်ဒိုရဲ့ဒီရာသီထဲ စီးရီးအေသွင်းဂိုးက ဂိုး(၃၀)အထိ ရှိလာခဲ့ရသလို သူရဲ့အနီးစပ်ဆုံးပြိုင်ဘက် အင်မိုဘီလီမှာလည်း ညကပင်နယ်တီကနေ တစ်ဂိုးရခဲ့သေးလို့ ရော်နယ်ဒိုနဲ့ စီးရီးအေသွင်းဂိုး အရေအတွက်ချင်းက တူညီနေခဲ့ရပြီဖြစ်လို့ သူတို့နှစ်ယောက်ကြား ဂိုးသွင်းအများဆုံး ဘယ်သူဖြစ်မလဲဆိုတာကလည်း ရင်ခုန်စရာကောင်းနေပါတယ်။ နောက်ပြီး ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီး သွင်းယူထားခဲ့တဲ့ လိဂ်သွင်းဂိုး(၃၄)ဂိုးကို လိုက်မီနိုင်ဖွယ်ရှိနေပြီး ဥရောပရွှေဖိနပ်ဆုကိုပါ ပြန်လည်စိန်ခေါ်လာနိုင်မယ့် အခြေအနေမှာ ရှိနေရပါတယ်။ ဂျုဗင်တပ်စ်ကတော့ လာဇီယိုကို အနိုင်ယူခဲ့ပြီး အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ အင်တာမီလန် အတ္တလန်တာတို့ကပါ ဒီတစ်ပတ်မှာ သရေကျခဲ့လို့ စီးရီးအေချန်ပီယံဆုကို (၉)နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ရပါတယ်။