အသက်(၃၅)နှစ် ကျော်လာတဲ့အထိ ခြေစွမ်းကောင်းတွေ ကျဆင်းသွားခြင်းမရှိသလို အောင်မြင်မှုတွေကိုလည်း ဆက်လက်ရယူနေပြီး စံချိန်မှတ်တမ်းကောင်းတွေကိုပါ ပိုင်ဆိုင်နေသေးတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ဝင်ငွေအလွန်ကောင်းလှတဲ့ ဘောလုံးသမားတစ်ယောက်အဖြစ် ရပ်တည်နေရာကနေ အခုဆိုရင်တော့ ဘောလုံးသမိုင်းတလျှောက် ဘယ်ကစားသမားကမှ မရောက်သေးတဲ့ စံချိန်တစ်ခုအဖြစ် ဘောလုံးသမားတွေထဲကမှ ပထမဦးဆုံး ဘီလျံနာတစ်ယောက်အဖြစ် သတ်မှတ်ခံလာရပါတယ်။

ရော်နယ်ဒို အားကစားတွေထဲကမှ ဘီလျံနာအထိ ကြွယ်ဝချမ်းသာသွားသူက ရော်နယ်ဒိုမတိုင်ခင်မှာ (၂)ယောက်သာရှိခဲ့ပြီး သူတို့တွေကတော့ ဂေ့ါဖ်ကစားသမား တိုက်ဂါးဝုဒ်နဲ့ လက်ဝှေ့အကျော်အမော် မေဝယ်သာတို့ပဲဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင် ရော်နယ်ဒိုကတော့ အားကစားသမားကနေ ဘီလျံနာဖြစ်လာခဲ့တဲ့ တတိမြောက်သူဖြစ်သလို ဘောလုံးသမားတွေထဲမှာတော့ ပထမဆုံးပဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မနှစ်ကတည်းက သူရဲ့လစာတွေ တခြားသောဝင်ငွေတွေကနေ ရရှိလာတဲ့ စုစုပေါင်းဝင်ငွေပမာယာဏဟာ ပေါင်(၈၅)သန်းအထိကို ရှိခဲ့ပြီးတော့ ဒီပမာဏကြောင့် ၂၀၁၉ခုနှစ်ရဲ့ ဝင်ငွေဒုတိယအကောင်းဆုံး အားကစားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် စီးပွားရေးပိုင်း ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒိုရဲ့ ကလပ်အသင်း ဂျုဗင်တပ်စ်ကနေ ရော်နယ်ဒိုရဲ့လုပ်ခလစာကို ၉%အထိ လျော့ချလိုက်ပေမယ့် ရော်နယ်ဒိုဟာ Lockdown ကာလအတွင်း အင်စတာဂရမ်ပေါ်ကနေ ဝင်ငွေတွေများစွာ ရရှိခဲ့ပြီးတော့ မတ်လ(၁၂)ရက်နေ့ကနေ မေလ(၁၄)ရက်နေ့အထိ (၂)လတာကာလအတွင်း အင်စတာဂရမ်ပေါ်တင်ခဲ့တဲ့ စပွန်ဆာပို့စ်(၄)ခုကြောင့် ရော်နယ်ဒိုဟာ ပေါင်(၁၈၈၂၃၃၆)အထိကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ သူရဲ့ကစားသမားဘဝတလျှောက် ရရှိပိုင်ဆိုင်ခဲ့တဲ့ လုပ်ခလစာတွေကို စုပေါင်းတွက်ချက်လိုက်မယ်ဆိုရင်တောင် ပေါင်သန်း(၅၀၀)လောက်အထိ ရှိနေနိုင်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ လက်ရှိ ကြော်ငြာလုပ်ငန်းတွေကနေလည်း တစ်နှစ်ကို ပေါင်(၃၆)သန်းလောက် ဝင်ငွေတွေ ရရှိနေသလို သူရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ CR7 ကနေလည်း ဝင်ငွေတွေက သောက်သောက်လဲရရှိနေသေးတာကြောင့် ဘောလုံးသမားထဲမှာတော့ ဝင်ငွေအကောင်းဆုံးနေရာကို လာမယ့်နှစ်တွေအထိ ဆက်လက်မင်းမူနေဦးမှာ သေချာလို့နေပါတယ်။