အီတလီ စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေကြောင်း အီတလီ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ ကြယ်ပွင့် ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော် ကျန်ရှိနေသေးသလို ဂျူဗင်တပ်အသင်းရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်နေပေမယ့် ကနဦးမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ ဂျူဗင်တပ် အသင်းဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ဘဏ္ဏာရေး အပိုင်းမှာ အနည်းငယ် ထိခိုက် ထားတာကြောင့် ရိုနယ်ဒိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

Photo Credit: Marca

ဂျူဗင်တပ် အသင်းဟာ ရိုနယ်ဒိုကို ရောင်းချပြီး အသင်းရဲ့ ဘဏ္ဏာရေး အနေအထားကို ပြန်လည် ချိန်ညှိမယ် ဆိုတဲ့ သတင်းတွေဟာ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ ကနေ ရရှိထားတဲ့ သတင်းတွေ ဖြစ်တာကြောင့် ယုံကြည် စိတ်ချရပြီး ပေါ်တူဂီ အခြေစိုက် သတင်းဌာန တချို့ကလည်း ရိုနယ်ဒိုဟာ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကို သူ့အတွက် အသင်းသစ် ရှာခိုင်းထားကြောင်း ဖော်ပြ ထားကြပါတယ်။ ယနေ့ ညနေပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ရိုနယ်ဒိုဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်က သူ စွန့်ခွာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရုတ်တရတ် ဆိုသလို ဆက်သွယ်မှုတွေ ပြန်ရှိလာကြောင်း သိထား ရပြီး အဆိုပါ ဆက်သွယ်မှုတွေဟာ အပြောင်းအရွှေ့ အတွက် ဖြစ်နိုင်တယ် လို့ စပိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Marca သတင်းဌာနက ရေးသား ထားပါတယ်။

Photo Credit: Marca

Marca သတင်းဌာနရဲ့ အဆိုအရ ရိုနယ်ဒိုဟာ အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ကာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ အပြီးမှာ မာဆယ်လို တစ်ဦးထဲနဲ့သာ အဆက်အသွယ် ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အကြီးအကဲတွေနဲ့ ချိတ်ဆက်မှုတွေ ရှိလာကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ ၂၀၁၈ ခုနှစ်မှာ ရိုနယ်ဒိုကို ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဂျိုဗစ် ၊ ဟာဇက် စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် နှစ်ဦးစလုံးဟာ ရိုနယ်ဒိုရဲ့ နေရာကို ဖာထေးနိုင်ခြင်း မရှိသလို ရိုနယ်ဒိုရဲ့ ဂျူဗင်တပ် အသင်းမှာ ပြသနေတဲ့ ခြေစွမ်းကောင်းတွေကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂျိုဗစ်ကို ရောင်းချပြီး ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူဖွယ် ရှိနေပါတယ်။