အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ နောက်၃ရက်နေရင် အသင်းနဲ့အတူ ပြန်လည် ပူးပေါင်း နိုင်တော့မှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၅နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယခုလ အစမှာ ပေါ်တူဂီ လက်ရွေးစင်အသင်း အတွက် ပါဝင် ကစားပေးရင်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ ရတာကြောင့် တစ်ဦးထဲ သီးသန့်ခွဲကာ နေထိုင်နေရသူလည်း ဖြစ်ပါတယ်။

Photo Credit: Tutto Sports

ရော်နယ်ဒိုဟာ အောက်တိုဘာလ ၁၃ရက်နေ့ထဲက ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ ရတာဖြစ်ပြီး ၁၇ရက် ကြာအောင် ကုသမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိအချိန် အထိ ကိုရိုနာဗိုင်းရပ် ပျောက်ကင်း သက်သာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုဟာ နောက်ထပ် ၃ရက်ကြာ အပြီးမှာတော့ ကိုရိုနာဗိုင်းရပ် မပျောက်ကင်းသေးသည့် တိုင်အောင် ဂျူဗင်တပ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဆိုသွားကြပါတယ်။ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ပြောပြချက် အရတော့ ကိုရိုနာဗိုင်းရပ်ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ၂၁ရက်ကြာအောင် ရှိနေပြီးပါက ထိုပိုးဟာ ထိုလူမှတဆင့် အခြားလူတစ်ဦးထံ မကူးစက် နိုင်တော့တာကြောင့် ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ ပြန်လည် ပူးပေါင်း နိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Tutto Sports

ဂျူဗင်တပ်အသင်း ကတော့ ရော်နယ်ဒိုကို အဆိုပါရက်ထက် စောပြီး သူတို့အသင်းနဲ့ ပူးပေါင်းစေချင် နေကြောင်း တူရင်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပြီး မနက်ဖြန်မှာ ရော်နယ်ဒိုအား ဆေးစစ်မှု နောက်တစ်ကြိမ် ပြုလုပ်မည် ဖြစ်ကာ အဆိုပါ စစ်ဆေးမှုမှာ ရော်နယ်ဒို တစ်ယောက် ကိုရိုနာ ဗိုင်းရပ် နက်ဂတစ် ပြခဲ့ပါက ရော်နယ်ဒိုကို ယခုတစ်ပတ်မှာ ကစားမယ့် စီးရီးအေပွဲစဉ်မှ စတင်ကာ ပြန်လည် အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ဂျူဗင်တပ်အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးဖြစ်ပြီး သူ မပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ် ၄ပွဲမှာ ဂျူဗင်တပ် အသင်းဟာ တစ်ပွဲကိုသာ အနိုင်ရရှိခဲ့ကာ ၂ပွဲသရေကျပြီး ၁ပွဲ ရှုံးနိမ့်ထားတာကြောင့် ဂျူဗင်တပ် အသင်းကတော့ ရော်နယ်ဒိုကို အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းစေချင် နေပါတယ်။