ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက သူ့ရဲ့ အနာဂတ်အတွက် ရှင်းလင်းတဲ့ အဖြေတခု ရဖို့ မန်ချက်စတာမြို့ဆီ လာရောက်ကာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်တော့မယ် လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

Photo Credit: Football 365

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ရိုနယ်ဒိုဟာ ယခု နွေဈေးကွက် အတွင်းမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းက သူ့ကို ကမ်းလှမ်းလာရင် အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ မန်ချက်စတာ ယူနိုက်တက်ထံ တောင်းဆိုထားပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကလည်း သူ့အတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေပါတယ်။

ရိုနယ်ဒိုက အသင်းကနေ ထွက်ခွာခွင့် တောင်းခံလိုက်ရင် ဥရောပ ထိပ်သီးအသင်းတွေဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလိမ့်မယ်လို့ တွေးထင်ကာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရာသီကြို ခြေစမ်းပွဲတွေကို လိုက်ပါခြင်း မရှိပဲ ပေါ်တူဂီနိုင်ငံမှာသာ နေထိုင်ပြီး တဦးထဲ လေ့ကျင့်ခန်း ဆင်းခဲ့ပေမယ့် တကယ်တမ်းမှာ အက်သလက်တီကို မက်ဒရစ်ကလွဲရင် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ ရှိမနေခဲ့ပါဘူး။

Photo Credit: Football 365

ယခုအချိန်မှာ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်က သူ့ရဲ့ ကစားသမား အတွက် အက်သလက်တီကို မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို တဖက်မှာလည်း ရိုနယ်ဒိုက မန်ချက်စတာမြို့ဆီ ပြန်လာကာ သူ့ရဲ့ အနာဂတ် အတွက် လက်ရှိ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။

အွန်စတိန်းရဲ့ ဖော်ပြချက်အရ ရိုနယ်ဒိုက တန်ဟက်ဂ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မန်ချက်စတာမြို့ဆီ ရောက်လာပြီး တန်ဟက်ဂ်ကလည်း သူ့ရဲ့ အနာဂတ် အစီအစဉ်တွေမှာ ရိုနယ်ဒို တယောက် ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေလဲ ဆိုတာကို ရှင်းပြဖို့ အသင့် ရှိနေသလို မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို ရောင်းချလိုစိတ် မရှိကြောင်း သိရပါတယ်။