မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားကြီးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒဏ်ရာကို ရရှိသွားခဲ့တာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်ရဲ့ ယာယီနည်းပြသစ် ရန်းနစ်ရဲ့ ပွဲဦးထွက်ကိုပါ လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းနဲ့ ပွဲစဉ်အတွင်းမှာ ကစားသမားဘဝ သွင်းဂိုးစုစုပေါင်း (၈၀၀)အထိ ပြည့်မြောက်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အာဆင်နယ်ဘက်ကို သွင်းဂိုးရယူပြီးတဲ့နောက်မှာ သူရဲ့အထင်ကရ အောင်ပွဲခံတဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ရာ ဒူးကို အနည်းငယ်ထိခိုက်မိသလို ဖြစ်သွားခဲ့ရတဲ့အပြင် ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ လူစားလဲခံလိုက်ရပြီးနောက် အဝတ်လဲခန်းအတွင်းကို အဆင်မပြေတဲ့ ပုံစံမျိုးနဲ့ လျှောက်လှမ်းသွားခဲ့ရတာကြောင့် ရော်နယ်လ်ဒိုရဲ့ အခြေအနေက သံသယဝင်စရာ ဖြစ်နေရပြီး ယာယီနည်းပြသစ် ရန်းနစ်ရဲ့ ပွဲဦးထွက် ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲကိုပါ လွဲချော်ရနိုင်ဖွယ် ရှိနေရပါတယ်။

Photo Credit : Youtubue

ဂျာမန်လူမျိုး ဝါရင့်နည်းပြကြီး ရန်းနစ်ဟာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် (၆)လ တာဝန်ယူ ဆောင်ရွှက်သွားမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ လန်ဒန်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဆုံတွေ့ရမယ့်ပွဲစဉ်ကို သူရဲ့ ပွဲဦးထွက် ပွဲစဉ်အဖြစ် ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။ ရန်းနစ်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာကတည်းက အသင်းရဲ့ ယာယီနည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း သူရဲ့စာရွှက်စာတမ်း ကိစ္စရပ်တွေ အပြီးမပြတ်နိုင်သေးတာကြောင့် အာဆင်နယ်နဲ့ပွဲကို ကိုင်တွယ်နိုင်ခြင်းမရှိပဲ ပွဲကြည့်စင်ကနေသာ ကြည့်ရှုခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်မှာပဲ ရော်နယ်လ်ဒိုက ယူနိုက်တက်အတွက် အရေးပါလှတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပေမယ့် ဂိုးသွင်းပြီးတဲ့နောက်မှာ သူရဲ့ Trademark အတိုင်း အောင်ပွဲခံခဲ့ရာ ဒူးကို အနည်းငယ် ထိခိုက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေကြောင့် ရော်နယ်လ်ဒိုအနေနဲ့ နည်းပြသစ်ရန်းနစ်ရဲ့ ပွဲဦးထွက်ပွဲစဉ်ကို ပါဝင်ကစားဖို့ မသေချာနိုင်ဖွယ် ဖြစ်နေရပြီး ရန်းနစ်ကတော့ ရော်နယ််လ်ဒိုဟာ အသက်(၃၆)နှစ်အထိ ရှိနေပေမယ့် အကောင်းဆုံးပုံစံ ပြသထားနိုင်သလို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အားကောင်းလှတဲ့ ထိပ်တန်းကစားသမားကောင်းတစ်ဦးလို့ သုံးသပ်ပြောဆိုထားပြီး သူ့အသင်းအတွက် အရေးပါဆုံးသော ကစားသမား ဖြစ်နေလိမ့်မယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။