ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာကာ ပွဲဦးထွက်မှာတင် သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ နာမည်ကျော် ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုကတော့ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းအနေနဲ့ အဓိက ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲနှစ်ခုဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်သာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။

Photo Credit: Express

အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကြံ့ခိုင်မှု အသားပေး လိဂ်တခု ဖြစ်သလို ပွဲချိန်အတွင်းမှာ အရှိန်အဟုန်နဲ့ ကစားလေ့ရှိတာကြောင့် အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရလိမ့်မယ် ဆိုတဲ့ ထင်မြင်ချက်တွေ ရှိခဲ့ပေမယ့် ရိုနယ်ဒို ကတော့ ထင်မြင်မှုတွေ မှားယွင်းကြောင်းကို လုပ်အားနဲ့ သက်သေပြခဲ့ပါတယ်။

ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

Photo Credit: Express

နယူးကာဆယ်အသင်းနဲ့ ပွဲစဉ် အပြီးမှာတော့ ရိုနယ်ဒိုက သူတို့အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားကာ လူငယ် ကစားသမားတွေ များပြားတာကြောင့် ရင့်ကျက်မှုသာ ရှိလာရင် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ရိုနယ်ဒိုက – “ဒီအသင်းက အခုဆိုရင် အောင်မြင်မှု များစွာကို ရယူနိုင်တဲ့ အသင်းတသင်း ဖြစ်နေပါပြီ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိတယ်။ ပြီးတော့ နည်းပြကောင်းလည်း ရှိတယ်။ ကျွန်တော်တို့သာ ဆုဖလားတွေကို ရယူနိုင်တယ် ဆိုတဲ့ စိတ်ထားမျိုးကို ထူထောင်နိုင်ရင် ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်စွမ်း ရှိပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ဖလားကိုတောင်မှပေါ့” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။