ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကတော့ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်က သူ့အား ရောင်းချဖို့ ငြင်းဆန်မှာကို ကြောက်ရွံ့နေကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၂ရာသီ စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ တကျော့ပြန် အိုးထရက်ဖို့ဒ် ခရီးစဉ်ဟာ ထင်ထားသလို အောင်မြင်မှုတွေ ရခဲ့တဲ့ ခရီးစဉ် တခုတော့ မဟုတ်ခဲ့ပါဘူး။

Photo Credit: Daily Mail

ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို တကိုယ်တော် ဆုတွေလည်း အများကြီး ရခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ ဆုဖလားတွေ မရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ကစားသမားဘဝ တလျှောက်လုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ကစားခဲ့ရတဲ့ ရိုနယ်ဒိုက သူ့ကို ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ ထိပ်သီးအသင်း တသင်းက ကမ်းလှမ်းလာရင် ရောင်းချပေးဖို့ မန်ချက်စတာ ယူနိုက်တက်ထံ တောင်းဆိုခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ မဖြစ်မနေ ထွက်ခွာချင်နေပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ရောင်းချဖို့ ငြင်းဆန်နေမှုကြောင့် မပျော်မရွှင် ဖြစ်နေသလို မန်ချက်စတာ ယူနိုက်တက်က သူ့ကို နွေဈေးကွက် ကုန်ဆုံးတဲ့ အထိ အချိန်ဆွဲကာ အသင်းမှာပဲ ဆက်ထားဖို့ လုပ်ဆောင်မှာကိုလည်း ကြောက်ရွံ့နေကြောင်း သိရပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ ရိုနယ်ဒိုကို သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက်ဆီ ရောင်းချဖို့ ငြင်းဆန်ထားပါတယ်။