MySport Myanmar

အသင်းက သူ့ကို လိုအပ်နေချိန်မှာ သူက အဆိုးဆုံး အခြေအနေ ဖြစ်ခဲ့ရတယ်လို့ ရော်နယ်လ်ဒို ဝန်ခံ

ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဆလိုဗေးနီးယားနဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တာနဲ့ ပတ်သက်ပြီး ပေါ်တူဂီအသင်းဘက်ကနေ သူ့ကို လိုအပ်နေချိန်မှာ သူကတော့ အဆိုးဆုံး အခြေအနေ ဖြစ်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက ပေါ်တူဂီအသင်းနဲ့ ဆလိုဗေးနီးယားအသင်းတို့ဟာ ယူရို-၂၀၂၄ပြိုင်ပွဲ ရှုံ့းထွက် (၁၆)သင်းအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ရင်း မိနစ် (၉၀)အတွင်းမှာ ဂိုးမရှိသရေကျနေခဲ့လို့ အချိန်ပို နာရီဝက် ဆက်ကစားရာ အချိန်ပို ပထမပိုင်းမှာပဲ ပေါ်တူဂီဘက်က ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီး ပွဲကို တစ်ခါတည်း အပြီးသတ်လိုက်နိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Fotmob

ဒီအခွင့်အရေးကို ပေါ်တူဂီရဲ့ ပုံမှန် ပင်နယ်တီ ကန်သွင်းသူ ရော်နယ်လ်ဒိုက ကန်သွင်းခဲ့ပေမယ့်လည်း ဆလိုဗေးနီးယား အော့ဘလက်က လက်စွမ်းပြ ကာကွယ်ခဲ့လို့ ပေါ်တူဂီတို့ ပင်နယ်တီ အဆုံးအဖြတ်ထိ သွားစရာမလိုပဲ အချိန်ပိုနဲ့ပဲ ကွာတားတက်နိုင်မယ့် အခွင့်အရေးက လက်လွတ်ခဲ့ရပါတယ်။

ဒီအခြေအနေမှာ ရော်နယ်လ်ဒိုက အတော်လေးကို ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပြီး အချိန်ပို ပထမပိုင်းအပြီး အသင်းနည်းပြတွေနဲ့ ကစားသမားတွေ ဝိုင်းဖွဲ့ဆွေးနွေးနေချိန်မှာလည်း ရော်နယ်လ်ဒိုကို ငိုကြွေးနေခဲ့တာကြောင့် သူ့ကို ဒါလော့ အပါအဝင် ပေါ်တူဂီအသင်းဖော်တွေက ဝိုငး်ဝန်းနှစ်သိမ့်မှုတွေ ပြုလုပ်ပေးခဲ့ရပါသေးတယ်။

Photo Credit : Sporting Life

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုက “အသန်မာဆုံး လူတွေမှာတောင်မှ သူတို့ရဲ့ အဆိုးရွှားဆုံး နေ့ရက်တွေ ရှိတက်ကြပါတယ်။ အသင်းက ကျွန်တော့်ကို အလိုအပ်ဆုံး ဖြစ်နေချိန်မှာလည်း ကျွန်တော်က အဆိုးဆုံး အခြေအနေမှာ ရှိနေခဲ့ရတယ်။ ကျွန်တော် ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ ကျွန်တော်က ပေါ်တူဂီအသင်းရဲ့ ဂျာစီကို ဝတ်ဆင်နေရချိန်မှာတော့ ကျွန်တော့်မှာ ရှိသမျှ အကောင်းဆုံးတွေကို အကုန်ပေးဆပ်သွားမှာပါ။”

“ဒါပေမယ့် ကိုယ်လုပ်ခဲ့သမျှကိုတော့ ကိုယ်တိုင်ပဲ တာဝန်ယူသွားရပါမယ်။ ကျွန်တော် ဒါတွေကို ထိပ်တိုက် ရင်ဆိုင်သွားဖို့ တစ်ခါမှကို မကြောက်နေခဲ့ပါဘူး။ တစ်ခါတစ်လေကျရင် ကျွန်တော် လုပ်ဆောင်တာတွေက မှန်ကန်နေမယ်။ တစ်ခါတစ်လေတော့လည်း မမှန်ဘူးပေါ့။ ဒါပေမယ့် အရှုံးပေးလိုက်တယ် ရပ်တန့်လိုက်တယ်ဆိုတာတွေကတော့ ခင်ဗျားတို့ ကျွန်တော့်ဆီကနေ ဘယ်တော့မှ ကြားရမှာမဟုတ်တဲ့ စကားတွေပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။

Exit mobile version