အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ၂၀၂၀ ခုနှစ်ရဲ့ လိဂ်သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေကြောင်း အချက်အလက် မှတ်တမ်းတွေ အရ သိရှိ ရပါတယ်။ လက်ရှိမှာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ရိုနယ်ဒိုဟာ လက်ရှိအချိန်အထိ အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေပွဲစဉ် ၄ပွဲ ပါဝင် ကစားထားရာမှာ ၆ဂိုးအထိ သွင်းယူ ပေးထားနိုင်ခဲ့သူပါ။

Photo Credit: Express

အချက်အလက် မှတ်တမ်းတွေ အရတော့ ရိုနယ်ဒိုဟာ ၂၀၂၀ ခုနှစ် အတွင်းမှာ စီးရီးအေ သွင်းဂိုး ၂၇ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ၇၃ မိနစ်တိုင်းမှာ သွင်းဂိုး တစ်ဂိုး သွင်းယူထားနိုင်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင် ထားပါတယ်။ ရိုနယ်ဒိုရဲ့နောက် ဒုတိယ နေရာမှာတော့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီး ရှိနေပြီး လီဝန်ဒေါစကီးဟာ ၂၀၂၀ ခုနှစ် အတွင်းမှာ လိဂ်သွင်းဂိုး ၂၆ဂိုး အထိ ရရှိခဲ့ပြီး ၆၆မိနစ်တိုင်းမှာ သွင်းဂိုး တစ်ဂိုး သွင်းယူ ထားနိုင်ခဲ့ပါတယ်။ တတိယ နေရာမှာတော့ လာဇီယိုအသင်းရဲ့ ဂိုးသွင်းစက် အမ်မိုဘိုင်းလီ ရှိနေကာ အမ်မိုဘိုင်းလီဟာ သွင်းဂိုး ၂၂ဂိုးအထိ သွင်းယူ နိုင်ခဲ့ပြီး ၁၀၂ မိနစ်တိုင်းမှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်တဲ့ မှတ်တမ်းကို ပိုင်ဆိုင် ထားပါတယ်။

Photo Credit: Express

 

နောက်ထပ် ၂၀၂၀ ခုနှစ်အတွင်း လိဂ်သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေ ကတော့ စတုတ္ထနေရာမှာ ဟာလန်း(၁၉ဂိုး) ၊ ပဉ္စမနေရာမှာ အီဘရာဟီမိုဗစ်(၁၈ဂိုး) ၊ ဆဌမနေရာမှာ ဆက်ဆူအိုလို အသင်းရဲ့ တိုက်စစ်မှူး ကာပူတို(၁၈ဂိုး) ၊ သတ္တမ နေရာမှာ ဆာလက်(၁၈ဂိုး) ၊ အဌမနေရာမှာ လူကာကူ(၁၆ဂိုး) ၊ နဝမနေရာမှာ ဒန်နီအင့်စ်(၁၅ဂိုး) ၊ ဒဿမနေရာမှာ မက်ဆီ(၁၅ဂိုး) တို့ပဲ ဖြစ်ကြပါတယ်။ ဒီစာရင်းဟာ လက်ရှိအချိန် အထိသာ အကျုံးဝင်တာကြောင့် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ အတွင်းမှာ ရှိသေးတဲ့ လက်ကျန်ပွဲစဉ်တွေမှာ သွင်းဂိုးတွေ ထပ်မံ ရရှိဦးမှာ ဖြစ်တာကြောင့် ဒီစာရင်းဟာ အပြောင်းအလဲ ဖြစ်ဦးမှာ သေချာပါတယ်။