ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုးနှစ်ဂိုးကြောင့် ဂုဏ်ယူစရာ ကောင်းတဲ့ စံချိန်မှတ်တမ်း တစ်ခုကို ရရှိ ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုဟာ ပေါ်တူဂီအသင်းက ဆွီဒင်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ အပြီးမှာ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဦးဆုံး ဥရောပသား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Metro

ဆွီဒင်နိုင်ငံမှာ ကစားခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ Nations League ပွဲစဉ်မှာ စီရိုနယ်ဒိုဟာ ပေါ်တူဂီအသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး နှစ်ဂိုးကို ပွဲချိန် ၄၆ မိနစ်နဲ့ ပွဲချိန် ၇၁ မိနစ်တို့မှာ သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ သွင်းဂိုး နှစ်ဂိုးကြောင့်ပဲ ရိုနယ်ဒိုရဲ့ နိုင်ငံတကာ သွင်းဂိုးဟာ ၁၀၁ ဂိုးအထိ ရှိလာခဲ့ပြီး ဥရောပတိုက်ရဲ့ ဘောလုံးသမိုင်းမှာ နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သလို ကမ္ဘာ့ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို လိုက်မှီဖို့ အတွက်လည်း နောက်ထပ် သွင်းဂိုး ၈ဂိုး သာ ထပ်မံ သွင်းယူဖို့ လိုအပ်တော့ကြောင်းလည်း မှတ်တမ်းတွေအရ သိရပါတယ်။

Photo Credit: Metro

ရိုနယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုး ၁၀၀ဂိုး ပြည့်မြောက်တဲ့ ပထမဦးဆုံး ဥရောပသား အဖြစ် မှတ်တမ်းဝင်ခဲ့သလို ကမ္ဘာ့ဘောလုံးသမိုင်းမှာ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားတဲ့ အီရန်နိုင်ငံသား အလီဒါယီရဲ့ စံချိန်ကိုလည်း လိုက်မှီဖို့ အတော်လေး နီးစပ်နေပါတယ်။ အီရန်နိုင်ငံသား အလီဒါယီဟာ နိုင်ငံတကာ သွင်းဂိုး ၁၀၉ဂိုးအထိ သွင်းယူထား နိုင်ခဲ့ပြီး လက်ရှိမှာ ရိုနယ်ဒိုရဲ့ နိုင်ငံတကာ သွင်းဂိုးဟာ ၁၀၁ ဂိုးအထိ ရှိလာပြီ ဖြစ်တာကြောင့် အလီဒါယီရဲ့ စံချိန်ကို လိုက်မှီနိုင်ဖို့ အတော်လေး နီးစပ်နေပြီ လို့ ဆိုရမှာပါ။ ဒါ့အပြင် ရိုနယ်ဒိုဟာ အသက် ၄၀ အရွယ်ခန့် အထိ ပေါ်တူဂီနိုင်ငံ အတွက် ကစားပေးဖွယ် ရှိကြောင်း ဖွင့်ဟဖူးတာကြောင့် ရိုနယ်ဒိုဟာ မကြာမီ အချိန်အတွင်းမှာပဲ ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိဖို့ အလားအလာ ကောင်းနေပါတယ်။