ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုဟာ ပါရောဂွေးနိုင်ငံကို နိုင်ငံကူးလက်မှတ် အတုနဲ့ ဝင်ရောက်ခဲ့တာကြောင့် ပါရာဂွေးနိုင်ငံမှာ အဖမ်းခံရပြီး ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် (၃၉) နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒင်ဟိုကတော့ ပါရာဂွေး အကျဉ်းထောင်ထဲမှာ ကျင်းပခဲ့တဲ့ ဖူဆယ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားခဲ့ပြီး အမြင့်ဆုံးဆုကို ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ပါရာဂွေး အကျဉ်းထောင်ထဲမှာ ကျင်းပခဲ့ကြတဲ့ ဖူဆယ်ပြိုင်ပွဲကနေ အမြင့်ဆုံးဆု ဖြစ်တဲ့ “ဝက်သား တစ်ကောင်လုံး စားခွင့်”ကို ရရှိသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဘောလုံးကို အလှပဆုံးနဲ့ ကစားလေ့ ရှိတတ်တဲ့ ရော်နယ်ဒင်ဟိုဟာ ဘယ်အသင်းအတွက်မဆို အကောင်းဆုံး ပေးဆပ်ကစားလေ့ရှိပြီး နိုင်ပွဲ နဲ့ ဆုဖလားတွေကို ရယူပေးနေဆဲ ဖြစ်ပါတယ်။ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုဟာ (၂၀၀၂) ခုနှစ်ကလည်း ကစားသမားတိုင်း လိုချင်ကြတဲ့ ကမ္ဘာ့ဖလား ဆုဖလားကို ဘရာဇီး အသင်းနဲ့ အတူ ရရှိနိုင်ခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာအသင်းအတွက် ကစားခဲ့စဉ်ကလည်း လာလီဂါ ဆုဖလား (၂) ကြိမ် နဲ့ ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ဆုဖလား (၁) ကြိမ်ကို ရရှိခဲ့ပါတယ်။

Photo Credit: Dailymail

ရော်နယ်ဒင်ဟိုဟာ လက်ရှိမှာတော့ ပါရာဂွေး အကျဉ်းထောင်ထဲမှာ ရှိနေပြီး သူ့ရဲ့ ရှေ့နေက ရော်နယ်ဒင်ဟိုအနေနဲ့ ဘာလို့ နိုင်ငံကူး လက်မှတ်အတု ကိုင်ရတာလဲ ဆိုတာ ရှင်းပြခဲ့ပါတယ်။ ရှေ့နေ အဒိုလ်ဖို မာရင် (Adolfo Marin) က “ရော်နယ်ဒင်ဟိုအနေနဲ့ နိုင်ငံကူး လက်မှတ် အတု ကိုင်ဆောင်တာက ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်တယ် ဆိုတာကို မသိခဲ့ပါဘူး။ ဘာလို့လဲဆိုရင် သူက စာရွက်စာတမ်း အတု လက်ခံရတာကို မသိခဲ့လို့ပါ။ သူက အရူးပါပဲ”လို့ ပြောခဲ့ပါတယ်။ ရှေ့နေ ဖြစ်သူကတော့ ရော်နယ်ဒင်ဟိုအနေနဲ့ နိုင်ငံကူး လက်မှတ် အတု ကိုင်ဆောင်တာဟာ ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်တာကို မသိတာကြောင့် ဖြစ်ပါတယ်လို့ ချေပခဲ့တာ ဖြစ်ပါတယ်။