ဘောလုံးလောကကနေ အနားယူသွားပြီဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ဘရာဇီးလက်ရွေးစင်အသင်းတို့ရဲ့ ထိပ်တန်းကစာသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ရော်နယ်ဒင်ဟိုက လက်ရှိ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် ရော်နယ်ဒင်ဟိုရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းလည်းဖြစ်တဲ့ လီယွန်နယ်မက်ဆီကို အသင်းမှာပဲ ဆက်လက်ရှိနေဖို့ တိုက်တွန်းပြောဆိုခဲ့သလို မက်ဆီသာ ဆက်ရှိနေမယ်ဆိုရင် သူရဲ့ကျောနံပါတ် (၁၀)ကိုပါ အသင်းဘက်ကနေ အနားပေးနိုင်ဖွယ် ရှိတယ်လို့လည်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FirstNews

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ကမ္ဘာ့ထိပ်သီး တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ဇူလိုင်(၁)ရက်နေ့ကတည်းက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတာဖြစ်လို့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ မက်ဆီကို သက်တမ်းတိုးဖို့အတွက် ဘာစီလိုနာဘက်ကနေ အစွမ်းကုန် ကြိုးပမ်းလျက်ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် သူရဲ့လက်ရှိ လုပ်ခလစာကိုတောင် တဝက်နီးပါးခန့် လျှော့ချရယူသွားဖို့ သဘောတူညီခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဒီလို အသင်းနဲ့ စာချုပ်ကိစ္စတွေ ဆက်လက်လုပ်ဆောင်လို့နေတဲ့ မက်ဆီနဲ့ပတ်သက်ပြီး ဘာစီလိုနာ အသင်းသားဟောင်း ရော်နယ်ဒင်ဟိုက “ဘာစီလိုနာအသင်းမှာ မက်ဆီ ဆက်လက်ရှိနေဖို့ ရှိပါတယ်။ တကယ်လို့ အသင်းမှာ ဆက်လက်ရှိနေပြီး အသင်းမှာပဲ သူရဲ့ကစားသမားဘဝကို အနားယူလိုက်မယ်ဆိုရင် ကျွန်တော် ဟိုးယခင်ကတည်းက မျှော်လင့်ထားခဲ့ဖူးတဲ့အရာပေါ့ သူရဲ့ကျောနံပါတ် (၁၀)ကို နောက်ထပ် ဘယ်ကစားသမားမှ ဝတ်ဆင်ခွင့်မရှိတော့အောင် အနားပေးသွားနိုင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လတ်တလော ကြားသိနေရတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့အတွက် အမှန်တကယ် ကြိုးပမ်းနေတာဖြစ်ပြီး သြဂုတ်လ(၈)ရက်နေ့မှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ယိုအန်ဂမ်ပါ ဖိတ်ခေါ်ဖလားပြိုင်ပွဲ မတိုင်ခင်မှာ မက်ဆီရဲ့ စာချုပ်ကိစ္စကို အပြီးသတ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာဟာ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ရော စပိန်လာလီဂါကနေ သတ်မှတ်ထားတဲ့ ကစားသမားတွေရဲ့ လစာပမာဏအတိုင်း ရောက်ရှိနေဖို့အတွက်ကိုပါ လုပ်ဆောင်နေရပြီး စျေးကွက်အတွင်းမှာလည်း နောက်ထပ်ကစားသမားများစွာကို အသင်းကနေ ရောင်းချသွားရဖွယ် ရှိနေပါတယ်။