ကမ္ဘာ့ဘောလုံး သမိုင်းမှာ မှော်ဆရာတစ်ဦး အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ ဘရာဇီးလ် အကျော်အမော် ဂန္တဝင် ဘောလုံးသမားကြီး ရော်နယ်ဒင်ဟို ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီဟာ လူအများစုက သတ်မှတ် ထားသလို ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား မဟုတ်ပဲ မက်ဆီထက် ပိုကောင်းတဲ့ ကစားသမား ၃ဦးရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ လက်ရှိ မှာ ဘာစီလိုနာ အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် သတ်မှတ် ခံထားရတဲ့ မက်ဆီဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်အထိ ရယူထား နိုင်သလို သူ့ရဲ့ ရိုးရှင်းကာ ထိရောက်တဲ့ ကစားဟန် ကြောင့် ကမ္ဘာ့ဘောလုံး ပရိသတ် အများစုက မက်ဆီ ဘောလုံးသမိုင်းရဲ့ G.O.A.T (Greatest Of All Time) ကစားသမား ဖြစ်ကြောင်း သတ်မှတ် ထားကြပါတယ်။

Photo Credit: Marca

ဒါပေမယ့် ရော်နယ်ဒင်ဟို ကတော့ အဆိုပါ သတ်မှတ်မှုတွေကို လက်ခံခြင်း မရှိပဲ မက်ဆီဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုတွေကို ရထားပေမယ့် သူ့ကို ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ် ပေးအပ်ဖို့ ခက်ခဲကြောင်းနဲ့ မက်ဆီထက် ပိုကောင်းတဲ့ ကစားသမား ၃ဦးအထိ ရှိနေကြောင်း စပိန် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ မာကာ သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာ ပြောပြ သွားခဲ့ပါတယ်။ ရော်နယ်ဒင်ဟို ပြောခဲ့တဲ့ မက်ဆီထက် ပိုကောင်းတဲ့ ကစားသမား ၃ဦးဟာ အာဂျင်တီးနား ဂန္တဝင် ကစားသမား မာရာဒိုနာ ၊ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ပီလီနဲ့ ရော်နယ်ဒိုတို့ပဲ ဖြစ်ပါတယ်။ ပီလီ ၊ မာရာဒိုနာနဲ့ ရော်နယ်ဒိုတို့ဟာ မက်ဆီထက် ပိုကောင်းတဲ့ အကြောင်းကို ရော်နယ်ဒင်ဟို က အခုလိုပဲ ပြောကြား သွားခဲ့တာပါ။

Photo Credit: Marca

“မက်ဆီက ဘောလုံးသမိုင်း တစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားလို့ ပြောရတာ ခက်ပါတယ်။ မက်ဆီက ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုတွေကို ရယူနိုင်ခဲ့တဲ့ အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ပြီးတော့ ကျွန်တော် ဘာစီလိုနာ အသင်းမှာ ရှိနေတုန်းက ကျွန်တော်တို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်က နှိုင်းယှဉ်ရတာတွေကို မကြိုက်ပေမယ့် သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားလို့ ပြောဖို့ ခက်ခဲတာကိုတော့ ကျွန်တော် သိပါတယ်။ မာရာဒိုနာ ၊ ပီလီနဲ့ ရော်နယ်ဒို(ဘရာဇီးလ်) တို့က အကောင်းဆုံး ကစားသမားတွေပါပဲ။ ဒါ့ကြောင့်ပဲ မက်ဆီဟာ သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမားလို့ ပြောရခက်နေတာပါ။ ကျွန်တော် ပြောနိုင်တာ တစ်ခုကတော့ သူဟာ သူ့ရဲ့ခေတ်မှာ အကောင်းဆုံး ကစားသမားပါ” လို့ ပြောကြား သွားခဲ့တာပါ။