ဘာစီလိုနာအသင်း ၊ အေစီမီလန်အသင်း ၊ ပီအက်စ်ဂျီအသင်းတို့လို ထိပ်ထိပ်ကြဲ အသင်းတွေမှာ ကစားခဲ့ကာ လှပတဲ့ ကစားဟန်တွေနဲ့ ဘောလုံးပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ဘရာဇီးလ် ကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟို ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီအတွက် ဘာစီလိုနာအသင်းက ပြုလုပ်ပေးသင့်တဲ့ ဂုဏ်ပြုမှုတခုကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေဈေးကွက်မှာ အမှတ်မထင် ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုလုံး အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး အဆိုပါကိစ္စဟာ လက်ရှိအချိန် အထိ ဘောလုံးလောကကို အပြင်းအထန် ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ လီယွန်နယ် မက်ဆီဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေသလို ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေကိုလည်း ယမန်နေ့မှာပဲ အပြီးသတ် နှုတ်ဆက်သွားခဲ့ပါပြီ။

မက်ဆီရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ရော်နယ်ဒင်ဟိုကတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ကို အနားပေးကာ မက်ဆီကို ဂုဏ်ပြုသင့်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

Photo Credit: Marca

မက်ဆီရဲ့ ကျောနံပါတ်ကို အနားပေးသင့်ကြောင်းကို ရော်နယ်ဒင်ဟိုက – “ဘာစီလိုနာအသင်းက မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ကို အနားပေးသင့်ပါတယ်။ ပြီးတော့ ဘယ်သူကမှလည်း မက်ဆီမရှိတဲ့နောက် သူ့ရဲ့ ကျောနံပါတ်ကို ဆက်ခံဖို့ မတွေးသင့်ပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေကလည်း အသင်းဟာ မက်ဆီရဲ့ ကျောနံပါတ် ၁၀ကို အနားပေးသင့်ကြောင်း တိုက်တွန်း ပြောဆိုမှုတွေ ရှိနေပေမယ့် လာလီဂါပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ ဘာစီလိုနာအသင်းဟာ ကျောနံပါတ် ၁ ကနေ ၂၅ အထိကို အနားပေးခွင့် မရှိဘူးလို့ သိရပါတယ်။