စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ရော်နယ်ဒင်ဟိုကတော့ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီမှာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာက ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၁၂မှတ် အထိ ကွာဟနေပေမယ့် ဘာစီလိုနာကသာ ယခုနှစ် လာလီဂါပြိုင်ပွဲရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ရလဒ်တွေ ဆိုးဝါးခဲ့တာကြောင့် ရာသီဝက်ကာလ ပြီးဆုံးချိန်မှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကိုတောင် ရုန်းကန်ရနိုင်တဲ့ အနေအထား အထိ ရောက်သွားပေမယ့် အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဇာဗီ တယောက် နည်းပြသစ် ဖြစ်လာပြီး နောက်ပိုင်းမှာတော့ ရလဒ်ကောင်းတွေ ဆက်တိုက် ဆိုသလို ပြန်လည် ရရှိခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာ အထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီမှာ လာလီဂါပွဲစဉ် (၃၀)ပွဲ ကစားထားရာ ရမှတ် ၆၀ အထိ စုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာက ရီးရဲလ်မက်ဒရစ်ထက် ၁ပွဲလျော့ ၁၂မှတ်ကွာ အနေအထားကို ရောက်နေတာကြောင့် လာလီဂါ ချန်ပီယံဆုကို မှန်းဆနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ဘာစီလိုနာက လက်ကျန်ပွဲတပွဲကို အနိုင်ရခဲ့ရင်တောင် သူတို့နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ကြားထဲမှာ ရမှတ် ကွာဟချက်က ၉မှတ် အထိ ကျန်ရှိနေဦးမှာ ဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ အတော်လေး ခက်ခဲနေပါတယ်။

Photo Credit: Marca

ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ရော်နယ်ဒင်ဟိုကတော့ သူ့အသင်းဟောင်းရဲ့ ခြေစွမ်းကောင်းတွေနဲ့ ပတ်သတ်ပြီး သဘောကျနေကာ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်နိုင်သေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုသွားပါတယ်။

ရော်နယ်ဒင်ဟိုက – “ကျွန်တော်တို့က ဘာစီလိုနာရဲ့ ခြေစွမ်းကောင်းတွေကို ကြည့်ပြီး အတော်လေး စိတ်လှုပ်ရှားနေပါတယ်။ ဘောလုံးလောကမှာ ဘာမဆို ဖြစ်နိုင်တယ် ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး လာလီဂါ ချန်ပီယံ ဖြစ်နိုင်မယ်လို့ မျှော်လင့်နေဆဲပါပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။