ဘရာဇီးလ် ဂန္တဝင် ကစားသမားဟောင်းကြီး ရော်နယ်လ်ဒင်ဟိုက သူရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းလည်းဖြစ် လက်ရှိ အာဂျင်တီးနားအသင်းရဲ့ legend ကြီး တစ်ဦးလည်းဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ အသက်(၅၀)အရွယ်လောက်အထိတောင် ဘောလုံး ဆက်ကစားနိုင်သေးတယ်လို့ မှတ်ချက်ပြု ပြောကြားလာခဲ့ပါတယ်။

Photo Credit : CNN

ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်တဲ့ မက်ဆီဟာ ဒီကနေ့မှာတော့ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲကြီးကို ဆင်နွဲရတော့မှာဖြစ်ပြီး ဒီပွဲစဉ်ဟာ သူ့အတွက်တော့ နောက်ဆုံးသော ကမ္ဘာ့ဖလားပွဲစဉ် ဖြစ်လာတော့မှာမို့ မက်ဆီကိုယ်တိုင်က သူ တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူး ရယူသွားချင်နေပါတယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ကတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးသည်ဖြစ်စေ မဆွတ်ခူးနိုင်သည်ဖြစ်စေ လက်ရွေးစင် ကစားသမားဘဝကရော သူရဲ့ လက်ရှိ ကစားသမားဘဝကိုပါ အဆုံးသတ်ဖို့ မရှိသေးပဲ ဆက်လက် ဖြတ်သန်းဖွယ်သာ ရှိနေသလို သူရဲ့အသင်းဖော်ဟောင်းကြီး ရော်နယ်လ်ဒင်ဟိုကပါ မက်ဆီကို အသက်(၅၀)လောက်အထိ ဘောလုံးကစားနိုင်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Russia Post

လက်ရှိမှာ အသက်(၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနား စူပါစတား ကစားသမားကြီး မက်ဆီဟာ ၂၀၂၂ကမ္ဘာ့ဖလားကြီး ပြီးဆုံးသွားချိန်မှာလည်း အာဂျင်တီးနားအသင်းနဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဆက်လက် ဆင်နွဲသွားဖို့ ရှိနေသလို သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့လည်း စာချုပ်သက်တမ်း တိုးမြှင့်ရင်း ဥရောပမှာပါ ဆက်လက် ကျင်လည်သွားဖို့လည်း ရှိနေပါတယ်။ မက်ဆီနဲ့ ပတ်သတ်ပြီး ရော်နယ်လ်ဒင်ဟိုက “ဒါက သူရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပါပဲ။ သူ့နိုင်ငံအသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ခဲ့ပြီး ကမ္ဘာ့ဖလားကြီး ရယူနိုင်ဖို့အတွက်ကိုလည်း တတ်နိုင်သမျှ အကုန်စွမ်းဆောင်ပါလိမ့်မယ်။ ကျွန်တော့် အမြင်အရတော့ သူက အသက်(၅၀)လောက်အထိ ကစားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာက တခြားဘောလုံးသမားတွေ မရှိတဲ့ အရည်အသွေးမျိုးတွေ ရှိနေတာကြောင့်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ပိုင်ဆိုင်နိုင်ဖို့အတွက်သာ အပြည့်အဝ အာရုံစိုက်ထားပြီး ကမ္ဘာ့ဖလားကြီး ပြီးဆုံးချိန်မှသာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကိစ္စတွေကို ဆက်လက် ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။