ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုကတော့ တောင်အမေရိကနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ပါရာဂွေးနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အချိန်မှာ နိုင်ငံကူး လက်မှတ် အတုနဲ့ ဝင်ရောက်ခဲ့တဲ့ အတွက်ကြောင့် ပါရာဂွေးနိုင်ငံမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ Goal သတင်းက ဖော်ပြခဲ့ပါတယ်။ (၂၀၀၂) ခုနှစ်မှာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ (၃၉) နှစ်အရွယ် ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံက ရွက်လှေ နဲ့ ဂေါက်အပန်းဖြေကလပ်မှာ သူ့အစ်ကိုဖြစ်သူ ရော်ဘတ်တိုနဲ့ အတူ အဖမ်းခံရတယ်လို့ ပြည်တွင်းရေး ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

Photo Credit: Goal

ရော်နယ်ဒင်ဟို နဲ့ သူ့ရဲ့ အစ်ကို ရော်ဘတ်တိုတို့ဟာ ဘရာဇီးနိုင်ငံသားတွေ ဖြစ်ကြပေမဲ့လည်း ဟိုတယ်အခန်းထဲမှာ တွေ့ရှိရတဲ့ သူတို့ရဲ့ နိုင်ငံကူး လက်မှတ်မှာတော့ ပါရာဂွေး နိုင်ငံသားတွေ ဖြစ်တယ်လို့ ရေးသားထားတာကြောင့် နိုင်ငံကူး လက်မှတ် အတုမှန်း ပေါ်လွင်သွားခဲ့ပါတယ်။ ပါရာဂွေးနိုင်ငံက ရဲတွေကတော့ ရော်နယ်ဒင်ဟို နဲ့ သူ့ရဲ့ အစ်ကိုကို ကာစီနို ပိုင်ရှင် နယ်လ်ဆင် ဘာလိုတီ (Nelson Belotti) က ပါရာဂွေးနိုင်ငံကို လာရောက်ဖို့ ဖိတ်ခဲ့တာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ကြပြီး လက်ရှိမှာတော့ ဘာပြစ်ဒဏ်မှ ချမှတ်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Photo Credit: Goal

ရော်နယ်ဒင်ဟိုဟာ (၂၀၁၈) ခုနှစ်က ရရှိခဲ့တဲ့ “ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်ဒဏ်” ကြောင့် ဘရာဇီး နိုင်ငံကူး လက်မှတ် မရှိတာ ဖြစ်ပြီး ဘရာဇီး တရားရုံချုပ်က ဒဏ်ငွေ ပေါင် (၆.၅) သန်းကျော် ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့ မပေးနိုင်ခဲ့တာကြောင့် ပြည်ပထွက်ခွင့် အပိတ်ခံခဲ့ရပါတယ်။ ရော်နယ်ဒင်ဟိုအနေနဲ့ ဘရာဇီးနိုင်ငံကနေ အခြားနိုင်ငံကို ထွက်သွားခွင့် မရှိပေမဲ့လည်း ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလက ဘရာဇီးနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ် အနေနဲ့ ခန့်အပ်ခံရပြီး ဘရာဇီးနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြင့်တင်ပေးမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ရော်နယ်ဒင်ဟိုဟာ တစ်ချိန်က ဘရာဇီးအသင်းနဲ့ အတူ ကမ္ဘာ့ဖလား နဲ့ ကိုပါ အမေရီက ဖလားတို့ကို ရရှိခဲ့ပြီး ကစားသမားဘဝက အနားယူပြီးတဲ့ အချိန်မှာ နာမည်ဆိုး ထွက်လာခဲ့ပါတယ်။