ပြင်သစ်လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဘရာဇီးလ် ကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟိုကတော့ ယခုနှစ် ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီကို စွန့်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာသာ ဆက်နေကာ မက်ဆီ ၊ နေမာတို့နဲ့ တွဲဖက် ကစားသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး လက်ရှိ အချိန်မှာ ပီအက်စ်ဂျီက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် အမ်ဘာပေကတော့ ပီအက်စ်ဂျီကို စွန့်ခွာကာ စပိန်မြေဆီ ခရီးနှင်ဖို့ တာစူနေပါတယ်။

Photo Credit: Fot Mob

စပိန်လာလီဂါ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အမ်ဘာပေကို ခေါ်ယူဖို့ အကြိတ်အနယ် ကြိုးပမ်းနေကြပြီး အမ်ဘာပေဟာ သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ ကစားဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

ဘာစီလိုနာ ၊ အေစီမီလန် ၊ ပီအက်စ်ဂျီ စတဲ့ ဥရောပ အင်အားကြီးအသင်းတွေမှာ ကစားခဲ့ဖူးသလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိဖူးတဲ့ ရော်နယ်ဒင်ဟိုကတော့ သူဟာ မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့ တွဲဖက် ကစားတာကို ဆက်လက် မြင်တွေ့လိုနေပြီး ကမ္ဘာ့ဘောလုံး ပရိသတ်တွေကလည်း သူ့လိုပဲ မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့ရဲ့ အတွဲကို ဆက်လက် မြင်တွေ့ချင်နေမယ်လို့လည်း ထင်မြင်ကြောင်း ပြောကြားရင်း အမ်ဘာပေကို ပီအက်စ်ဂျီမှာ ဆက်နေဖို့ တိုက်တွန်း အကြံပေးခဲ့ပါတယ်။

Photo Credit: Fot Mob

ရော်နယ်ဒင်ဟိုက – “ကျွန်တော်ကတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ဆက်နေလိမ့်မယ်လို့ ထင်နေတုန်းပါပဲ။ ဘောလုံးကမ္ဘာမှာ အရာရာတိုင်းက ခပ်မြန်မြန်ပဲ ဖြစ်ပျက်သွားနိုင်တယ်လေ။ မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့ သုံးယောက် တိုက်စစ်အတွဲက လှပတဲ့ ကစားဟန်တွေကို ပြနိုင်ပါတယ်။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အကြံပေးဖို့ မစဉ်းစားထားပါဘူး။ ကျွန်တော့်အနားမှာ ရှိနေတဲ့ လူအားလုံးကိုပဲ ပျော်စေချင်ပါတယ်။ ဒါပေမယ့် ဘောလုံးကို ချစ်တဲ့သူတိုင်း မက်ဆီ ၊ အမ်ဘာပေနဲ့ နေမာတို့ အတွဲကို ဆက်ပြီး မြင်ချင်ကြမယ်လို့တော့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။