လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေ​​ပြီး သက်တမ်းတစ်နှစ်သာ ကျန်ရှိနေတော့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရတဲ့ နယ်သာလန်လူမျိုးနည်းပြ ရော်နယ်ကိုးမန်းက ပစ်မှတ်ထားလျက်ရှိနေပြီး တကယ်လို့ လီဗာပူးလ်အသင်းနဲ့ ဝိုင်နယ်ဒန်တို့ ဒီစျေးကွက်မှာပဲ လမ်းခွဲဖြစ်မယ်ဆိုရင် ဝိုင်နယ်ဒန်ကို ဘာစီလိုနာအသင်းဆီ အရခေါ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Photo Credit : EPL Scouts

အသက်(၂၉)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ လီဗာပူးလ်အသင်းရဲ့ အဓိကကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိကစွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲကျန်ရှိတော့တဲ့ ဝိုင်နယ်ဒန်ကို လီဗာပူးလ်ဘက်ကနေ စာချုပ်သစ်ချုပ်ဆိုဖို့ ဘာမှမလုပ်ဆောင်လာသေးသလို ထွက်ပေါနေတဲ့ သတင်းတချို့မှာလည်း လီဗာပူးလ်ဘက်ကနေ ဝိုင်နယ်ဒန်ကို သက်တမ်းမတိုးနိုင်တော့ဘူးဆိုရင်တောင် အခုနွေစျေးကွက်အတွင်းမှာ လုံးဝရောင်းထုတ်မသွားပဲ သက်တမ်းကုန်မှပဲ အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွတ်ခံသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ဒီလို အနာဂတ်မရေမရာဖြစ်နေတဲ့ ဝိုင်နယ်ဒန်ကို နယ်သာလန်လက်ရွေးစင်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြရော်နယ်ကိုးမန်းက သူရဲ့အသင်းသစ် ဘာစီလိုနာအသင်းဆီကို ခေါ်ဆောင်သွားချင်နေပါတယ်။ ကိုးမန်းဟာ နယ်သာလန်အသင်းကို ကိုင်တွယ်ခဲ့စဥ်ကတည်းက အသင်းရဲ့ကွင်းလယ်မှာ ဝိုင်နယ်ဒန်ကို အမြဲလိုလို နေရောပေးခဲ့သူဖြစ်ပြီး ဝိုင်နယ်ဒန်ကို လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ထပ်မတိုးဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။ အခု ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်လာချိန်မှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ပြန်လည်ပြင်ဆင်သွားဖို့အတွက် ဝိုင်နယ်ဒန်ကို ခေါ်ယူသွားချင်နေပြီး နောက်ထပ်နယ်သာလန်ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ဗန်ဒီဘိတ်ခ်ကိုပါ အေဂျက်စ်အသင်းကနေ ခေါ်ဆောင်ချင်နေပါတယ်။ ဘာစီလိုနာအသင်းဟာ နွေစျေးကွက်ထဲမှာ အသင်းက ကစားသမားတွေဖြစ်တဲ့ ဆွာရက်ဇ် ပီကေး ရာကီတစ် ဗီဒယ် အမ်တီတီ ဘရေ့ဝိတ်တို့ကို ရောင်းချသွားပြီး ကစားသမားသစ်များစွာကိုလည်း အားဖြည့်ခေါ်ယူသွားဖို့လည်း စီစဥ်လျက်ရှိနေပါတယ်။ နယ်သာလန်လူမျိုးနည်းပြဖြစ်တဲ့အတွက် နယ်သာလန်ကစားသမားအများအပြားကိုလည်း အသင်းဆီ ခေါ်ဆောင်ဖွယ်ရှိနေပါတယ်။