ဘာစီလိုနာအသင်းရဲ့နည်းပြသစ် ရော်နယ်ကိုးမန်းကတော့ သူရဲ့လက်ထက်မှာ အသင်းကို ပြုပြင်ပြောင်းလဲများစွာ လုပ်ဆောင်သွားဖို့ ပြင်ဆင်လို့နေပြီး အသင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ကစားသမားသစ်တွေ အများကြီးခေါ်ယူနိုင်ဖို့ စီစဉ်လို့နေကာ လိုအပ်လာမယ့် အသုံးစရိတ်အတွက်ကိုလည်း အသင်းက ကစားသမားတွေကိုလည်း ရောင်းထုတ်သွားဖို့ ရှိနေဖွယ်ရှိနေကာ လက်ရှိမှာ အသင်းရဲ့ ကစားသမား(၄)ယောက်ကတော့ အသင်းကနေ သေချာပေါက်ကို ထွက်ခွာရနိုင်တယ်လို့ သိရှိရပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကပဲ ဘာစီလိုနာနည်းပြကိုးမန်းက အသင်းရဲ့ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို အသင်းရဲ့အနာဂတ်စီမံကိန်းတွေထဲမှာ ပါဝင်ခြင်းမရှိတော့ဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ကာ အသင်းနဲ့လည်း စာချုပ်သက်တမ်း ဖျက်သိမ်းသွားဖို့ လုပ်ဆောင်လာခဲ့တယ်လို့ သတင်းမီဒီယာများစွာကနေ ဖော်ပြလာခဲ့ကြပြီး အခုလည်း ကိုးမန်းရောင်းချသွားမယ့် ကစားသမားတွေထဲမှာ ဆွာရက်ဇ်အပြင် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဗီဒယ် ရာကီတစ်တို့အပြင် နောက်ခံကစားသမား ဆင်မြူရယ်အမ်တီတီလည်း ပါဝင်နေကြောင်း Guardian သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

နည်းပြကိုးမန်းဟာ ဗီဒယ် ရာကီတစ်နဲ့ အမ်တီတီတို့ (၃)ယောက်လုံးဆီကို ဖုန်းဆက်ပြီး အသင်းသစ်ရှာဖွေဖို့အတွက် လှမ်းအကြောင်းကြားခဲ့ကြောင်း Guardian ကနေ ဖော်ပြလာခဲ့ကာ ဆွာရက်ဇ်ကိုလည်း အဲ့ဒီနည်းအတိုင်းပဲ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ပိုဆိုးတာက ကစားသမားအားလုံးကို အသင်းကနေ ရောင်းချတာမျိုးထက် လက်ရှိစာချုပ်တွေကိုပဲ ဖျက်သိမ်းသွားဖို့ ကိုးမန်းဘက်ကနေ ပြင်ဆင်နေခဲ့တာဖြစ်ပြီး ဆွာရက်ဇ် ဗီဒယ် ရာကီတစ်တို့လို ဝါရင့်ကစားသမားတွေဆီကနေ ပြောင်းရွှေ့ကြေးများစွာ မျှော်လင့်လို့မရနိုင်ပေမယ့်လည်း အသက်(၂၆)နှစ်ပဲရှိသေးတဲ့ ကမ္ဘာ့ဖလားဆုရ နောက်ခံကစားသမားအမ်တီတီကတော့ ပြောင်းရွှေ့့ကြေးအားဖြင့် ပေါင်သန်း(၃၀)လောက်အထိ မျှော်လင့်နိုင်သေးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဖလား(၃)လုံး ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုကိုတော့ ကိုးမန်းက ဘာစီလိုနာအသင်းမှာပဲ ဆက်လက်ထားရှိဖွယ်ရှိနေပြီး အခွင့်အရေးပေးသွားဖွယ် ရှိနေပါတယ်။ အသင်းကနေ ထွက်ခွာရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းရဲ့ကစားသမားကြီတွေဖြစ်တဲ့ ပီကေး အယ်ဘာနဲ့ ဘူးစကတ်စ်တို့အားလုံးကိုလည် ကိုးမန်းက အသင်းမှာပဲ ဆက်လက်ထားရှိသွားဦးမှာဖြစ်ပြီး ဆွာရက်ဇ်တို့ (၄)ဦးနဲ့ပဲ လက်တွဲဖြုတ်သွားမှာလို့ သိရှိရပါတယ်။