ဘာစီလိုနာ နည်းပြဟောင်း ရော်နယ်လ်ကိုးမန်းက ဒီနွေမှာ ဂွန်ဒိုဂန် နဲ့ မာတီနက်ဇ်တို့လို အသက် (၃၀)ကျော် ကစားသမားတွေကို ခေါ်ယူထားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့ကို မေးခွန်းထုတ်သွားခဲ့ပြီး ဈေးကွက်တိုင်းမှာ ဒီလို သက်ကြီး ကစားသမားတွေကိုပဲ ခေါ်ယူတာမျိုး မပြုလုပ်သင့်ဘူးလို့လည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား နဲ့ အက်ဖ်အေဖလား အစရှိတဲ့ ဖလား (၃)လုံးကို ပိုင်ဆိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် ဂျာမန် ကွင်းလယ်လူ ဂွန်ဒိုဂန် နဲ့ ဘီလ်ဘာအိုအသင်း စပိန် ဝါရင့် နောက်ခံလူ အီနီဂို မာတီနက်ဇ်တို့ကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပြီး လက်ရှိမှာ ဂွန်ဒိုဂန်ရော မာတီနက်ဇ်ပါ အသက် (၃၂)နှစ်အရွယ် ရှိနေကြပြီ ဖြစ်ပါတယ်။

Photo Credit : Football Espana

တကယ်တော့ ဘာစီလိုနာက ဆာဂျီယို ဘူးစကွက် ၊ ယော်ဒီ အယ်လ်ဘာ နဲ့ ဂျရတ် ပီကေးတို့လို အသင်းရဲ့ ဝါရင့် အမာခံ ကစားသမားကြီးတွေကို လက်လွတ်ထားရချိန် သူတို့နေရာအတွက် အတွေ့အကြုံရင့် ကစားသမားနှစ်ဦးနဲ့ ပြန်လည် အစားထိုးရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဟောင်းကြီး ကိုးမန်းကတော့ “ဂွန်ဒိုဂန်က အရမ်းကောင်းတဲ့ ထိပ်တန်း ကစားသမားတစ်ဦးပါ။ ဒါပေမယ့် သူက သူ့ကစားသမားဘဝရဲ့ အစောပိုင်းကာလမှာပဲ ဘာစီလိုနာနဲ့ စာချုပ်ချုပ်ဆိုသင့်တာ။”

Ronald Koeman criticises Barcelona transfer policy after Ilkay Gundogan  signing

Photo Credit : 90Min

“အနာဂတ်ကို မျှော်ကြည့်နေတဲ့ ကလပ်အသင်းအတွက်တော့ ဒါတွေဟာ လာမယ့် (၂)နှစ် (၃)နှစ်အတွက်ကိုသာ ခေါ်ယူခြင်းပါပဲ။ ဂွန်ဒိုဂန်က ပရော်ဖက်ရှင်နယ် ကစားသမားကောင်း ဆိုပေမယ့်လည်း ဒါက ရေတိုပဲ ဖြစ်ပါမယ်။ ခင်ဗျားအနေနဲ့ ဘောလုံးရာသီတိုင်းမှာ ဒီလို အသက်အရွယ်မျိုး ရှိနေတဲ့ ကစားသမား (၂)ဦး (၃)ဦးကို ခေါ်ယူလို့ မရနိုင်ပါဘူး။ အနာဂတ်အတွက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ကစားသမားကို ခေါ်ယူတာက (၃၃) (၃၄)နှစ် ကစားသမားတစ်ဦးကို ခေါ်ယူတာထက် ပိုကောင်းပါတယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။