နယ်သာလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ ကိုးမန်းကတော့ ဘာစီလိုနာ ကွင်းလယ်လူ နဲ့ နယ်သာလန် ကွင်းလယ်လူ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်မှာ လိုအပ်နေတဲ့ ကစားသမား ဖြစ်ပြီး သူ့ရဲ့ အဆင့်ကို ဘာစီလိုနာအသင်းမှာ ပြသနိုင်မယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ ဒီဂျောင်ဟာ (၂၀၁၉) ခုနှစ် ဇန်နဝါရီလ (၂၃) ရက်မှာ အေဂျက်အသင်းကနေ ဘာစီလိုနာအသင်းကို ယူရို (၇၅) သန်းနဲ့ ပြောင်းရွေ့ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ကာလရှည် (၅) နှစ်ကြာ စာချုပ်ချုပ်ပြီးနောက် သြဂုတ်လ (၁၆) ရက်မှာ ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ပါတယ်။

Photo Credit: Sport.es

ဒီဂျောင်ဟာ နောက်တန်း နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးတဲ့ ဗဟို ကွင်းလယ်လူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းကို ရောက်ရှိလာတဲ့ အချိန်မှာတော့ ဘာစီလိုနာအသင်းရဲ့ ကစားကွက်နဲ့ မအပ်စပ်နိုင်ခဲ့တာကြောင့် ကွင်းလယ်နေရာ (၃) နေရာအထိ ပြောင်းရွေ့ ကစားခဲ့ရပါတယ်။ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၇) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂) ဂိုးသာ သွင်းယူထားပေမယ့်လည်း နယ်သာလန် နည်းပြ ကိုးမန်းက ဒီဂျောင်ကို ဘာစီလိုနာအသင်းမှာ သူ့ရဲ့ အဆင့် နဲ့ အရည်အချင်း ပြသနိုင်လိမ့်မယ်လို့ ပြောကြားသွားလိုက်ပါတယ်။

Photo Credit: Sport.es

နယ်သာလန် နည်းပြ ကိုးမန်းက “ဒီဂျောင်က လူငယ် ကစားသမား တစ်ယောက် ဖြစ်နေတော့ ကျွန်တေ်ာတို့အနေနဲ့ သူ့ကို မချိန်ပေးရပါလိမ့်မယ်။ ကျွန်တော် ဘယ်အချိန်မှာ မဆို သေချာ ပြောနိုင်တာကတော့ ဒီဂျောင်က အေဂျက်အသင်း နဲ့ နယ်သာလန် လက်ရွေးစင် အသင်းမှာ ပြသနိုင်ခဲ့သလိုမျိုး ဘာစီလိုနာအသင်းမှာ သူ့ရဲ့ အဆင့် နဲ့ သူ့ရဲ့ အရည်အချင်းကို မကြာခင် ပြသနိုင်မယ်လို့ ကျွန်တော် သေချာနေတာပါပဲ။ ကျွန်တော် သံသယ လုံးဝကို မရှိတာကတော့ ဘာစီလိုနာအသင်း ကွင်းလယ်မှာ လိုအပ်နေတဲ့ ကစားသမားကတော့ ကွင်းလယ်လူ ဒီဂျောင် ဖြစ်တယ် ဆိုတာပါပဲ”လို့ Catalunya Radion မှာ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။