မကြာသေးမီကမှ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာသူ နယ်သာလန် နည်းပြ ရော်နယ် ကိုးမန်း ဟာ ဘာစီလိုနာ အသင်းဆီ ရောက်ရှိတာ မကြာသေးပေမယ့် လက်ရှိ အချိန်မှာတော့ ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ အဆင်မပြေ ဖြစ်နေကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ မာကာ သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ကိုးမန်းဟာ မကြာသေးမီကမှ နည်းပြ ဆက်တီယန်ရဲ့ နေရာမှာ အစားဝင် လာတဲ့ နည်းပြ တစ်ဦး ဖြစ်ပြီး ဘာစီလိုနာ အသင်းဆီ ရောက်ရှိပြီး မကြာမီမှာပဲ အသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ ရာကီတစ် ၊ ဆွာရက်ဇ် ၊ ဗီဒယ် စတဲ့ ကစားသမားတွေ ကို အသင်းကနေ ထွက်ခွာသွားဖို့ တိုက်ရိုက် ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Sports Bible

မာကာ သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ထဲမှာ ကိုးမန်း ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်မှုအပေါ် သဘောမကျသူတွေ ရှိနေသလို ဘာစီလိုနာ အသင်းဆီ ရောက်ရှိ အပြီးမှာ ကိုးမန်းရဲ့ ကစားသမားတွေ အပေါ် ကိုင်တွယ်မှုတွေကို အပြစ်မြင် နေတဲ့ လူတွေလည်း ရှိနေတယ် လို့ သိရပါတယ်။ ကိုးမန်းဟာ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာပြီး နောက်ပိုင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေ လို့ ဆိုရမယ့် မက်ဆီ ၊ ဆွာရက်ဇ်တို့နဲ့ တွေ့ဆုံခဲ့ပြီး ဆွာရက်ဇ်ကို သူ့ရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်တော့ဘူး လို့ ပြောဆိုခဲ့သလို မက်ဆီကိုလည်း အခွင့်ထူးခံ ရတဲ့ အချိန်တွေဟာ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကိုးမန်းရဲ့ ကစားသမားတွေ အပေါ် ကိုင်တွယ်မှုကို သဘော မကျတဲ့ ဘုတ်အဖွဲ့ဝင်တွေ ဘာစီလိုနာ အသင်းမှာ ရှိနေတာပါ။

Photo Credit: Sports Bible

မာကာ သတင်းဌာနရဲ့ အဆိုအရတော့ ကိုးမန်းဟာ ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ဝင် တချို့နဲ့ ဆက်ဆံရေး အဆင်မပြေသလို ဘုတ်အဖွဲ့ အနေနဲ့ သူ့အတွက် အဆင်မပြေတဲ့ လူအင်အား စုဖွဲ့မှု ကို ကိုင်တွယ်ခိုင်း နေတယ် လို့ ခံစားနေရတယ် လို့ သိထား ရပါတယ်။ ဘာစီလိုနာ အသင်းနဲ့ နီးစပ်သူတွေကလည်း အဆိုအရ ရော်နယ် ကိုးမန်းနဲ့ ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ဟာ အသင်းရဲ့ လူငယ် ကွင်းလယ်လူ ရီကတ်ပွတ်နဲ့ ပတ်သတ်ပြီး သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ကာ ကိုးမန်းဟာ ရီကတ်ပွတ်ကို အသင်းကနေ အငှားနဲ့ ထွက်ကစားဖို့ ပြောဆို ခဲ့ပေမယ့် ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ဟာ ကိုးမန်းရဲ့ လုပ်ဆောင်ချက် ကို တားဆီးခဲ့ပြီး ရီကတ်ပွတ် ကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းခဲ့ကြောင်း ဖွင့်ဟ ပြောဆို ထားကြပါတယ်။ ဒါ့ကြောင့် ကိုးမန်း အနေနဲ့ ဘာစီလိုနာ အသင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပြီ လို့ သုံးသပ်ရကာ နည်းပြ တစ်ဦးကို ယုံကြည်မှုတွေ မပေးနိုင်တဲ့ ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ ကတော့ အသင်းအပေါ် လိုတာထက် ပိုပြီး ချုပ်ကိုင် ထားတယ် လို့ ထင်မြင်မိ ပါတယ်။